ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်ကုက္ကားရွာတွင် အခြေချတပ်စွဲထားသည့် ပျူစောထီးစခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းက ဒေသတော်လှန်ရေး အဖွဲ့များမှ ပူးပေါင်း၍ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၁၂ နာရီခန့်က အင်ကုက္ကားရွာတွင် အခြေချ တပ်စွဲထားသည် စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းကို ၀င်ရောက်တိုက်ခိုက်ရာ ၁ နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စခန်းကို သိမ်းဆည်းရမိခဲ့ကြောင်း တန့်ဆည်(ပကဖ) အဖွဲ့ထံက သိရသည်။

“ညက ပျူစခန်းကို ကျွန်တော်တို့ လက်နက်ကြီးအဖွဲ့‌ တွေရော ပကဖပူးပေါင်းအဖွဲ့တွေနဲ့ ပျူစခန်းကို ၀င်ရောက်ခိုက်ခဲ့တာပါ။ စစ်သား ၆ ယောက်သေပြီး ပျူအဖွဲ့၀င် ၉ ယောက်သေတယ်။ စခန်းကိုသိမ်းလိုက်နိုင်တယ်” ဟု တန့်ဆည်(ပကဖ) အဖွဲ့ တာ၀န်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခု အင်ကုက္ကားရွာပျူစခန်းသိမ်းတိုက်ပွဲသည် ၂၀၂၃ ခုနှစ်၊ ၂ လအတွင်း ၂ ကြိမ်‌မြောက် ပျူစခန်းကိုသိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ရဲ ဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း တန့်ဆည် (ပကဖ) အဖွဲ့ တာဝန်ရှိသူ ထံက သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တန့်ဆည် PDF တပ်ရင်းများ၊ LDF များ၊ လက်နက်ကြီးအဖွဲ့များ၊ တန့်ဆည် ပ.က.ဖများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။