ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၁ ရက်

ဧရာဝတီတိုင်း၊ ငွေတောင်မြို့မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ စာသင်ကျောင်းတွေမှာ ကျောင်းသား ကျောင်းသူတွေကို စာမေးပွဲကြေးလို့ ဆိုကာ ငွေ ၄၀၀၀၀ ထိတောင်းခံတာတွေပြုလုပ်နေ တယ်လို့ သိရပါတယ်။

ကျောင်းသား ကျောင်းသူအားလုံး ကိုယ်ကျောင်းမှာ ကိုယ်ဖြေရာတာဖြစ်ပြီး စာမေးပွဲကြေးလို့ဆိုကာ အကြောင်းပြပြီး ဆရာ ဆရာမတွေ စားစရိတ်ရအောင် ငွေ ၄၀၀၀ဝ ကောက်ခံနေတာလို့ ကျောင်းသားမိဘတွေကပြောပါတယ်။

” ဒီအလယ်တန်းလောက်အဆင့်ကို ငွေလေးသောင်း တောင်းနေတာ စာမေးပွဲကြေးဆိုပြီးတော့၊ မိဘတွေက ပေးစရာမရှိတော့ ဆန်တွေ ဆီတွေ ရောင်းပေးနေရတယ်”လို့ ကျောင်းသားမိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အခြေခံပညာစာသင်ကျောင်းတွေမှာ တက်နေတဲ့ ကလေးတွေကို စာမေးပွဲကြေးလို့ဆိုကာတောင်းပြီး ဆရာ ဆရာမတွေကို ထမင်းချက်ကျွေးဖို့အတွက် ကောက်နေတာလို့ ဆိုပါတယ်။

ခုလိုမျိုး စာမေးပွဲကြေးကောက်ခံတာမျိုးဟာ အရင် အရပ်သားအစိုးရလက်ထက်ကလည်း ရှိခဲ့ပေမယ့် ခုလိုမျိုး ငွေ ၄ သောင်းထိတောင်းတာဟာ အာဏာသိမ်းပြီး စစ်ကောင်စီလက်ထက်မှာ ပထမဆုံး ကြုံတာလို့ ဒေသခံကျောင်းသားမိဘတွေက ပြောပါတယ်။