ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်

အာဏာသိမ်း စစ်ကောင်စီက KNU ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်ထံ စာပေးပို့ခြင်းသည် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

KNLA၊ KNDO နှင့် PDF တပ်ဖွဲ့များကို ကြပ်မတ်ထိန်းသိမ်းပေးရန် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့ထံသို့ ဖေဖော်ဝါရီ ၆ ရက်​က စစ်ကောင်စီမှ စာပေးပို့ခဲ့သည်။

“အကြမ်းဖက် စစ်ကောင်စီက အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှု ဖြိုခွဲအောင် တမင်တကာ ထိုးခွဲလုပ်နေတယ်။ ဒါကို ဆက်လက်လုပ်နေတာပဲ ဖြစ်ပါတယ်။ မီးစတဖက်၊ ရေမှုတ်တဖက်နဲ့ အဲဒီလိုပဲ ဆက်လုပ်နေတာဖြစ်တယ်။ သူ့ရည်ရွယ်ချက်က ဒါပဲရှိပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အဆိုပါစာထဲတွင် KNLA၊ KNDO နှင့် PDF တပ်ဖွဲ့များက စစ်တပ်နှင့် ရဲများကို တိုက်ခိုက်ခြင်း၊ ကျေးရွာများကို ဝင်ရောက်ပစ်ခတ်ခြင်း၊ အစိုးရရုံးဌာနများကို မီးရှို့ဖျက်ဆီးခြင်းနှင့် လမ်းတံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း စသည်တို့ကို လုပ်ဆောင်နေသည့်အတွက် နိုင်ငံတကာအမြင်ဖြင့်ပင် လက်ခံနိုင်ဖွယ်မရှိကြောင်း၊ ပျက်စီးဆုံးရှုံးများအတွက် အဓိကထိခိုက်နစ်နာ ခံစားရသူများမှာ ပြည်သူလူထုသာဖြစ်ကြောင်း၊ ထိုကြောင့် ကြပ်မတ်ထိန်းသိမ်းပေးရန် တောင်းဆိုဖော်ပြထားသည်။

ထို့အပြင် လတ်တလော နိုင်ငံရေးအခြေအနေအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ခေတ္တရပ်တန့်နေသော်လည်း နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းများ ပြန်လည်ဆွေးနွေး ဆောင်ရွက်ရန် ပြောဆိုထားသည်။

“NCA ကို အကြောင်းပြတာပဲဖြစ်ဖြစ် မပြတာပဲဖြစ်ဖြစ် သူ့တပ်အင်အား တိုးချဲ့နေတာပဲ။ သူတို့အဓိကရည်မှန်းချက်က ကျွန်တော်တို့ကို အပြတ်ရှင်းဖို့၊ ဒါပဲလုပ်နေတာပဲလေ။ ကျွန်တော်တို့ဘက်က ဘာမှတွေဝေစရာ မရှိဘူး။ ကိုယ်စရာ လုပ်ရမှာပဲဖြစ်တယ်။ အဲဒီအကြောင်းနဲ့ အကျယ်ကျယ်တွေ ပြန်ပြောနေစရာလည်း မရှိဘူး။ သူအာဏာသိမ်းပြီးကတည်းက ဘာမှမရှိတော့ဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်ကလည်း ဘာမှပြောစရာမလိုတော့ဘူး။ အဲဒါရှင်းနေတာပဲ။ လုပ်စရာရှိတာ လုပ်ဖို့ပဲလိုတယ်။ အဲကိစ္စနဲ့ ပတ်သက်ပြီး အချိန်ကုန်ခံပြီး ပြောနေစရာမလိုဘူး” ဟု ပဒိုစောတာနီးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် NCA အရဟု ပြောဆိုနေပေမယ့် မြေပြင်တွင် ၎င်းတို့ဘက်ကသာ စတင်စစ်ကြောင်းထိုး တိုက်ခိုက်နေခြင်းကြောင့် ယခုလိုဖြစ်နေရပြီး ထိုအပေါ် ကရင်ဘက်မှလည်း လက်ခံလိမ့်မည် မဟုတ်ကြောင်း ကရင်ဝါရင့် နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

“သူတို့(စကစ)က အချိန်ဆွဲချင်တာတို့၊ လုပ်ချင်တဲ့အခါကျတော့ NCA ကို ပြန်ပြောတယ်။ သူတို့သဘောနဲ့ သူတို့တိုက်တာကျတော့ NCA ဘာတွေနဲ့ မဆိုင်တော့ဘူး။ ဒါကတော့ သူတို့လုပ်နေကျ အကျင့်ပဲလေ” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်း ၂ နှစ်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း ၈၀၃၈ ကြိမ်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၈၇၆ ဦး သေဆုံးကာ ၅၅၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် KNU ဘက်မှ တော်လှန်ရေးရဲဘော် ၂၁၉ ဦး ကျဆုံးပြီး ၆၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။