ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်

ဇူလှိုင်လ (၆) ရက်နေ့ နံနက် ၆ နာရီတွင်၊ ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးရှိ စစ်ကောင်စီ၏ သင်္ဘောပင်စခန်းအား ကရင်နီတပ်မတော် (KA) နှင့်KNDF B-10၊ B-9 တို့မှ ချည်းကပ်တိုက်ခိုက်ခဲ့ကြောင်း KNDF B – 10 မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးအဆမတန် ပစ်ကူပေးခြင်း ရဟတ်ယာဥ်ဖြင့် (၁၁) ကြိမ်၊တိုက်လေယာဥ်ဖြင့် (၉) ကြိမ် လာရောက် တိုက်ခိုက်ခဲ့သဖြင့် နေ့လည် ၁၁ နာရီခွဲခန့်တွင် တပ်ဖွဲ့များမှ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်လေးအဆင့်ရှိသူ တစ်ဦး ရင်ဘတ်ကျည်ထိမှန် သေဆုံးခဲ့ပါကြောင်း ရေးသားဖော်ပြထားသည်။

ထို့အတူ သင်္ဘောပင်စခန်းအား တိုက်ခိုက်နေစဥ် လွိုင်ကော်မြို့နယ်၊ (၄) မိုင် အမှတ်(၁) စခန်းမှ စစ်ကူ လာသော စစ်ကောင်စီတပ်ဖွဲ့များကို ဆိုလဆယ်နှင့် လောကထူးကျေးရွာအကြားတွင် KNDF B-10 မှ ရဲမေများပါဝင်သည့် တပ်ဖွဲ့က အနီးကပ် ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ (၅) ဦးသေဆုံးခဲ့ပြီး (၄) ဦးဒဏ်ရာရခဲ့ကြောင်း KNDF B-10 က ရေးသားထုတ်ပြန်ထားသည်။

ဆိုလဆယ်ရွာအနီး တိုက်ပွဲ ဖြစ်နေစဥ်အတောအတွင်း စစ်ကောင်စီတပ်မှ ကျေးရွာနေပြည်သူ တစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း KNDF B-10 ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရုပ်သံ – KNDF B-10