ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်

မြန်မာနိုင်ငံမှာ ဇူလိုင်လ ၆ ရက်နေ့ကစတင်ကာ ဇူလိုင်လ ၈ ရက်နေ့အထိ ၃၄ နာရီအတွင်းမှာ မြေငလျင် ၇ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲကစတင်ကာ ဇူလိုင်လ ၈ ရက်နေ့ မနက် ၃ နာရီခွဲအထိ မြေငလျင် ၇ ကြိမ် လှုပ်ခတ်ခဲ့တာလို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၃၄ နာရီအတွင်းလှုပ်ခတ်ခဲ့တဲ့ မြေငလျင်လှုပ်ခတ်မှုတွေမှာ ပြင်းအားအဆင့် ရစ်(ခ်)ချက်တာစကေး ၃ ဒဿမ ၇ ကနေ ၄ ဒဿမ ၂ အဆင့်ကြား မြေငလျင်ငယ်တွေ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မြေငလျင် ၇ ကြိမ်လှုပ်ခတ်ခဲ့ပေမယ့် အင်အားမပြင်းထန်တာကြောင့် လူထိခိုက်သေဆုံးမှုမရှိသလို အဆောက် အဦပြိုကျပျက်စီးတာတွေလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။

မိုးလေဝသနဲ့ပတ်သက်ပြီး ပြည်သူတွေ လေးစား အားထားခဲ့ရတဲ့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဆရာကြီး ဒေါက်တာ ထွန်းလွင်ကတော့ မြေငလျင် အင်အား ၄ နဲ့ ၆ အကြား ငလျင်အကြိမ်ရေများများလှုပ်ခြင်းဟာ အင်အားကြီး ငလျင်တွေလှုပ်ခတ်မှုကို နည်းပါးစေတယ်လို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ပြည်သူတွေကို အသိပေးရေးသားခဲ့ပါတယ်။