ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ထုးချေကျေးရွာတွင်
ဖေဖော်ဝါရီလ ၈ ရက်နေ့က ငါးဖမ်းသမားတစ်ဦးအား စစ်ကောင်စီတပ်မှ တပ်ပြေး ၂ ဦးက သေနတ်ဖြင့်ပစ်သတ်သွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၃၆ နှစ်အရွယ် ကိုမောင်ဆန်းညွှန့်ဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့က သူ၏ အလုပ်သမားငယ် တစ်ဦးနှင့်အတူ မြစ်ထဲ၌ ငါးဖမ်းရန်သွားစဉ် အဆိုပါတပ်ပြေးနှစ်ဦးမှ စက်လှေအားပေါ်တာဆွဲခေါ်သွားပြီးနောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု ထူးချေကျေးရွာ ဒေသခံများထံမှ သိရသည်။
” သူနဲ့ သူ့အလုပ်သမားကောင်လေးနှစ်ယောက်က မနက် ၅ နာရီလောက်မှာ မြစ်ထဲမှာ ငါးဖမ်းသွားတာ။အဲဒီအချိန်မှာ စစ်သားနှစ်ယောက်က ကမ်းပေါ်ကနေ သူတို့ပါလိုက်မယ်ပြောလို့တင်သွားတာ။ သူတို့ငါးဖမ်းတဲ့နေရာကိုရောက်တော့ စစ်သားနှစ်ယောက်က သူတို့ကို မြစ်ထဲခုန်ဆင်းကျန်ခဲ့မလား၊ အသေခံမလားမေးတယ်တယ်၊ အလုပ်သမားကောင်လေးကလည်းကြောက်ပြီးခုန်ဆင်းလိုက်တယ်။ စက်လှေပိုင်ရှင်ကိုတော့ နားထင်တည့်တည့်ကိုပစ်ပြီး မြစ်ထဲချထားခဲ့တယ်” ဟု အသက် ၃၀ အရွယ် ဒေသခံအမျိုးသား တစ်ဦးမှ ၄င်းကပြောသည်။
မြစ်ထဲခုန်ဆင်းကျန်ခဲ့သည့် အလုပ်သမားကောင်လေးမှ ရွာသို့လာရောက်ကာအကျိုးအကြောင်းပြောပြသောကြောင့် ရွာသားများနှင့် စစ်ကောင်စီတပ်သားများက သွားရောက်ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ဘဲ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လည် ၁နာရီကျော်တွင် အလောင်းကိုရှာတွေ့ခဲ့ကြောင်း သိရသည်။
ထူးချေကျေးရွာမှာ မြေပုံမြို့နှင့် ၄မိုင်ခန့်သာဝေးပြီး ငါးဖမ်းသည့်အလုပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကလုပ်ကိုင်စားသောက်နေကြသည့် ကျေးရွာတစ်ရွာလည်းဖြစ်သည်။
ယခုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ထူးချေကျေးရွာသားများမှာ မြစ်ထဲသို့ မသွားရဲကြတော့ဘဲ အလုပ်ကိုနားထားရသည်ဟုလည်း ထူးချေရွာသားတစ်ဦးကပြောသည်။
” ကျွန်တော်တို့တရွာလုံးက ငါးဖမ်းတဲ့အလုပ်တခုတည်းပဲလုပ်စားနေကြတာဆိုတော့ မြစ်ထဲကို မနက်အာရုံလည်း ဆင်းရတယ်။ နေ့လည်ရော၊ညအချိန်ရော အကုန်ဆင်းနေရတာ။ အခုလိုဖြစ်သွားတော့ တစ်ရွာလုံးကြောက်သွားတာပေါ့။ ငါးဖမ်းဖို့တောင်မဆင်းရဲကြတော့ဘူး။ အဲဒီတပ်ပြေး၂ ယောက်ကလည်း မြေပုံမြို့နယ်အတွင်းမှာတာဝန်ကျနေတဲ့စစ်သားတွေဆိုတော့ ဒီနားတဝိုက်မှာပဲရှိနေလောက်တယ်။နောက်ထပ်သူတို့နဲ့တွေ့ရင် အခုလိုပစ်သတ်ခံရမှာကို စိုးရိမ်တာပေါ့” ဟု အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးမှ ပြောသည်။
သေဆုံးသူ ကိုမောင်ဆန်းညွှန့်၏ အလောင်းကို ယမန်နေ့(ဖေဖော်ဝါရီလ ၉ရက်နေ့)၊ ညနေပိုင်း ၃ နာရီအချိန်ခန့်က ထူးချေရွာသုဿန်၌ သဂြိုလ်လိုက်ပြီဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။