ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

မန္တလေးတိုင်း၊ စစ်ကောင်စီ၏ တံတားဦးလေတပ်ကို ၉၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ယမန်နေ့ ဖေဖော်ဝါရီ ၉ ရက် ည ၁၀ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Truth Keeping Force – AMA အဖွဲ့ထံက သိရသည်။

ထိုသို့ တိုက်ခိုက်ခံရသဖြင့် အာဏာသိမ်း စစ်ကောင်စီဘက်မှ အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ကုန်းကြောင်းရေကြောင်း အသုံးပြု၍ ပိုက်စိပ်တိုက်ရှာ နေကြောင်း သိရသည်။

“မနေ့ည ၇ နာရီကနေ ကျွန်တော်တို့ ၉၀ မမ အဝေးပစ်လက်နက်ကြီးတွေ ဆင်တယ်။ ၈ နာရီမှာပြီးတယ်။ လုံခြုံတဲ့နေရာကို ကျွန်တော်တို့ရောက်ပြီဆိုမှ အဝေးထိန်းစနစ်နဲ့ ပစ်သွင်းခဲ့တယ်ဗျ။ စုစုပေါင်း ၅ လုံး ပစ်ဖို့စီစဉ်ခဲ့ပေမယ့် အခြေအနေအရ ၄ လုံးပဲ ပစ်သွင်းနိုင်ခဲ့တယ်” ဟု Truth Keeping Force – AMA ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တံတားဦးလေတပ်သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ဗုံးကြဲတိုက်ခိုက်မှုများ အဓိကပြုလုပ်နေသည့်အတွက် တန်ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ခွေးခြံ(စစ်ကောင်စီတပ်)ဘက်ကတော့ အပစ်မခံရဘူးလို့ သတင်းဖုံးထားပြီး အပြင်လူ အဝင်မခံတာကြောင့် ထိခိုက်မှုအတိအကျကိုတော့ စုံစမ်းစိစစ်ဆဲပါ။ ဒါပေမယ့် ထိခိုက်မှု တော်တော်များများတာတော့ သေချာတယ်ဗျ” ဟု TKF-AMA ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို FRF အထူးတာဝန်တပ်ဖွဲ့ Eagle 2 ၊ မန္တလေးခရိုင် တပ်ရင်းအမှတ် ၅ ၊ တပ်ခွဲ ၃ TKF-AMA နှင့် နယ်မြေခံပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။