ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းခဲ့သည့် ၂ နှစ်တာကာလအတွင်း အမျိုးသမီး ၃၀၀၀ ဦးနီးပါး ဖမ်းဆီးခံရပြီး သေဆုံးသူ ၄၀၀ ကျော်အထိ ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က ဖေဖော်ဝါရီ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်အထိ အမျိုးသမီး ၂၇၇၈ ဦးကို မတရားဖမ်းဆီးခဲ့ပြီး ရန်ကုန်တွင်ဖမ်းဆီးခံရမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း မြန်မာ့ အမျိုးသမီးသမဂ္ဂမှ ထုတ်ပြန်ထားသည်။
“သူတို့(စစ်ကောင်စီ)ကတော့ ဘယ်သူဘယ်ဝါ ရွေးနေမှာ မဟုတ်ဘူး။ အဲဒီတော့ တော်လှန်ရေးနဲ့ ပတ်သက်ရင် ကိုယ်ယုံကြည်တဲ့အတိုင်း ရှေ့ဆက်လုပ်ယုံပဲရှိတယ်။ သူတို့ဖမ်းတာ၊ မဖမ်းတာကို ဂရုစိုက်မနေနိုင်ဘူး။ ဒါကတော့ ကျွန်မအမြင်ပေါ့“ ဟု တော်လှန်ရေးထောက်ပို့ လုပ်ကိုင်နေသူ အသက် (၃၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုဖမ်းဆီးခံရသည့် အမျိုးသမီးများထဲတွင် ရန်ကုန်တိုင်းမှ ၇၅၈ ဦးဖြင့် အများဆုံးဖြစ်ပြီး အနည်းဆုံးမှာ ကရင်နီပြည်နယ် ဖြစ်ကာ အမျိုးသမီး ၉ ဦး ဖမ်းဆီးခံရကြောင်း BWU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒုတိယအများဆုံးအဖြစ် မန္တလေးတွင် ၃၉၃ ဦး၊ တတိယအများဆုံးအဖြစ် စစ်ကိုင်းတွင် ၃၃၇ ဦး၊ ပဲခူးတွင် ၂၁၄ ဦး၊ တနင်္သာရီတွင် ၂၁၃ ဦး၊ မကွေးတွင် ၁၉၃ ဦး၊ ဧရာဝတီတွင် ၁၃၆ ဦး၊ ရှမ်းတွင် ၁၁၁ ဦး၊ ကချင်တွင် ၁၀၃ ဦး၊ ကရင်တွင် ၉၂ ဦး၊ မွန်တွင် ၈၅ ဦး၊ ချင်းတွင် ၃၂ ဦး၊ ရခိုင်တွင် ၂၁ ဦးနှင့် နေရာမသိမှ ၄၂ ဦး စသည်တို့ ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရသည်။
“အမျိုးသား၊ အမျိုးသမီးရယ် မဟုတ်ဘူး။ စစ်ကောင်စီကို ဆန့်ကျင်သူလို့ ထင်ရင် အကုန်ဖမ်းနေတာ။ တချို့ဆို သတင်းပေးဒလန်ရဲ့ အမုန်းကြောင့် အဖမ်းခံရတာတွေ ရှိတယ်။ ဖမ်းဆီးခံရသူများတော့ အမျိုးသမီးလည်းများပြီပေါ့။ စစ်တပ်က မတရား အာဏာသိမ်းလိုက်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့ လမ်းပေါ်ထွက်တာ အမျိုးသမီးတွေက အများဆုံးပဲ။ နောက်အကြမ်းဖက်စစ်တပ်ကို တော်လှန်ဖို့ အမျိုးသမီး စစ်သည်တွေများ လာတာရော ၊ ထောက်ပို့အတွက် ဖိဖိစီးစီးလုပ်ကိုင်နေတာရောကို ကြောက်စေချင်လို့ ပိုဖိတာပေါ့” ဟု အသက် ၅၀ အရွယ် မန္တလေးဒေသခံ အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသမီးများအနက် အယောက် ၂၀၀ ကျော်သည် သာမာန်အရပ်သူများ ဖြစ်ကြပြီး ပညာရေးဌာနမှ ၃၆၅ ဦး၊ ပါတီနိုင်ငံရေး လုပ်ဆောင်သူနှင့် တက်ကြွလှုပ်ရှားသူ ၉၂ ဦး၊ ကျန်းမာရေးကဏ္ဍမှ ၅၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။
“အာဏာသိမ်းပြီးကတည်းက တစ်နိုင်ငံလုံး မှာရှိတဲ့ တော်လှန်နေတဲ့သူ အများအပြား အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်။ မီးရှို့သတ်ဖြတ်တာတွေ ခံနေရတယ်။ အဲ့ဒီထဲမှာမှ အမျိူးသမီးတွေဆို လိင်အကြမ်းဖက်မှု၊ မတရားနှိပ်စက် ညှင်းပန်းမှုတွေကို ခံစားနေရတယ်” ဟု ပြည်တွင်း သတင်းထောက် အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်သည် အနုပညာရှင်၊ သတင်းမီဒီယာ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO)၊ တရားစီရင်ရေးကဏ္ဍ၊ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် အစိုးရကဏ္ဍနှင့် အခြား တက်ကြွလှုပ်ရှားသူများ စသည့်ကဏ္ဍအသီးသီးမှ အမျိုးသမီး ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးထားကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။
“အချိူ့မြိုနယ်ရွာတွေမှာဆို လူမသိသူမသိ မုဒိန်းကျင့်၊ မီးရှို့၊ သတ်ဖြတ်တာတွေ ခံနေရတယ်။ အာဏာရှင်ကို တော်လှန်နေတဲ့ ဆန္ဒပြသူတွေကို သတင်းဖော်ပြပေးဖို့ ကြိုးပမ်းသူတွေကို ဖိနှိပ် ဖမ်းဆီးတယ်။ အဲ့ဒီထဲမှာ အမျိုးသမီးသတင်းထောက်တွေလည်း ပါတယ်။ လိင်အကြမ်းဖက်တာတွေထိ လုပ်ဆောင်တာခံရတယ်။ အာဏာရှင် အဆက်ဆက်က သတင်းသမားတွေကို ဖိနှိပ်တာအစဥ် အဆက်လို ဖြစ်နေတယ်။ ဒါတွေအားလုံးက စစ်ရာဇဝတ်မှုကို ကျူးလွန်းတာ။ လိင်အကြမ်း ဖက်မှုတွေက နိုင်ငံတကာခုံရုံးနဲ့ ထိုက်တန်တဲ့ ပြစ်မှုတွေပါ” ဟု အဆိုပါ သတင်းထောက် အမျိုးသမီးက ပြောသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ၏ စာရင်းပြုစုချက်များအရ စစ်ကောင်စီက အဓမ္မအာဏာ သိမ်းယူထားသည့် ၂ နှစ်တာကာလအတွင်း အမျိုးသမီးသေဆုံးသူ ၄၁၄ ဦးရှိခဲ့ပြီး အဆိုပါသေဆုံးမှုများအနက် စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူလူထု နေထိုင်ရာ ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁၀၇ ဦးသေဆုံးကာ သေဆုံးမှု အများဆုံးဖြစ်ကြောင်း သိရသည်။
“စကစ က အမျိုးသမီးတင်မဟုတ်ဘူး။ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေပါ ဖမ်းခံရတာ အများကြီးပါ။ ဖမ်းခံရတဲ့ အမျိုးသမီးအားလုံးကို မဆိုလိုဘူး၊ အတော်များများ လိင်စော်ကားခံနေရတယ်။ အမျိုးသမီးတွေ ထောင်ထဲလည်း အရိုက်နှက်ခံ၊ အနိုင်ကျင့်ခံရတယ်။ အခုက မြန်မာနိုင်ငံမှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် အရွယ်စုံ လူ့အခွင့်အရေး ဆုံးရှုံးသွားပြီ” ဟု မဖူးဖူး(အမည်လွှဲ)က ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကျေးရွာများသို့ ဝင်ရောက်စီးနင်းချိန်တွင် ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး သေဆုံးသူဦးရေမှာ စုစုပေါင်း ၇၈ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ပြီး လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အမျိုးသမီး ၂၆ ဦးရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖမ်းဆီးထိန်းသိမ်းခံရစဉ် သေဆုံးသူ အမျိုးသမီး ၅၃ ဦးထိရှိပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူလူထုအား ပစ်ခတ်ဖြိုခွင်းခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းနှင့် ဦးခေါင်းကျည်ထိမှန်ခြင်းတို့ကြောင့် သေဆုံးသူ အမျိုးသမီး စုစုပေါင်း ၂၀ ဦးကျော်ရှိသည်။ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသူ (အတည်ပြုနိုင်ခြင်း မရှိသေးသည့်) ၁၃ ဦးရှိသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂက ဆိုသည်။
ယင်းအပြင် ခိုင်လုံသော သတင်းမီဒီယာများမှ တင်ပြထားသည့် သတင်းစုစည်းချက် များအရ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အုပ်စုဖွဲ့မုဒိမ်းကျင့်သည့် အမှုပေါင်း ၁၅ မှုရှိပြီး အရပ်သားများမှ ကျူးလွန်သည့် မုဒိမ်းမှု ၁၀ မှုအထိရှိခဲ့ကာ စစ်ကောင်စီ စစ်ကြောရေးစခန်းတွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ၃ မှုနှင့် ၎င်းတို့၏ စစ်ဆေးရေးဂိတ်များတွင် ကျူးလွန်သည့် ထိပါးနှောင့်ယှက်မှု ၂ မှုရှိကြောင်း သိရသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ၏ ထုတ်ပြန်ချက် အစီရင်ခံစာသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ အချက်အလက်များကို အဓိက မှီငြမ်းကိုးကား ထားပြီး ခိုင်လုံသော သတင်းမီဒီယာများမှ ထုတ်ဖော်ရေးသားသည့် သတင်းအချက်အလက်များအပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်ဟု သိရသည်။