ဧရာဝတီတိုင်းမ်
(ကနီ)၊ ဖေဖော်ဝါရီလ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သပြေတောရွာအနီးတွင်သောင်တင်နေသည့် စစ်ကောင်စီ ထောက်ပို့သင်္ဘောကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကျောက်လုံးကြီး KLG တပ်မဟာက ထုတ်ပြန်သည်။
`
အဆိုပါ စစ်ကောင်စီထောက်ပို့သင်္ဘောသည် ပြီးခဲ့သည့် နိုဝင်ဘာလပိုင်းမှ စတင်၍ ချင်းတွင်းမြစ်ကြောင်းတွင် သောင်တင်နေသည့် သင်္ဘောတစ်စီးဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ရက်နေ့များတွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးကြောင်း သိရသည်။

ထို့ပြင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည် အဆိုပါ ထောက်ပို့သင်္ဘောပေါ်မှ ဒီဇယ်ပေပါ အလုံး ၃၀၀၀ နီးပါးနှင့် ဆန်၊ ဆီ၊ ဆား၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး ပစ္စည်းများအားလုံးကို ယနေ့တွင် သယ်ယူပြီးစီးပြီ ဖြစ်ကြောင်း KLGထံက သိရသည်။

“ဒီသင်္ဘောက အရင်နိုဝင်ဘာထဲက သောင်တင်နေတာ။ စစ်သားအင်အားက ၁၀၀ကျော် ပါတယ်။ ကျွန်တော်တို့ဘက်က တိုက်ခိုက်တဲ့အချိန် သူတို့ဘက်က ထိခိုက်ကျဆုံးများတော့ ထောက်ပို့တွန်းသင်္ဘော ကိုတွန်းပေးတဲ့ အမြန်ယာဉ်ပေါ်ကို အလုအယက်တက်ပြီး ပြေးကြတယ်။ ဖေဖော်ဝါရီ ၁ မှာလည်း စစ်ကူစက်လှေ ၂ စီးလာပြီး တိုက်ပွဲဖြစ်ခဲ့သေးတယ်။ သင်္ဘောကတော့ခုထိရှိသေးတယ်” ဟု KLG တပ်မဟာ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့၏ ထောက်ပို့သင်္ဘောအား ပြန်လည်သယ်ယူရန်အတွက် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် တပ်သားအင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာပြီး သပြေတောရွာ၊ အုန်းပင်ဆိပ်ရွာ၊ နတ်လဘို့ရွာများရှိ အိမ်ခြေ ၁၄၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KLGထံက သိရသည်။

အဆိုပါတိုက်ပွဲအား ကျောက်လုံးကြီး KLG PDF၊နဂါးညီနောင်အဖွဲ့၊ Alphaအဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာ၊ယင်းမာပင် PDA၊ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့၊ ဗျတ္တညီနောင်၊ ချိုမိုင်မိုင် အဖွဲ့၊ မြောက်ယမားအဖွဲ့၊ ခရိုင်းရင်း(၁)၊ ခရိုင်းရင်း(၂) နှင့် ကနီ ယင်းမာပင် ဆားလင်းကြီးမဟာမိတ်ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#ကနီ #ထောက်ပို့သင်္ဘော #တိုက်ခိုက်သိမ်းပိုက် #၂၀ကျော်သေ #Ayeyarwaddy_Times