ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်

ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် မာလာကုန်းလမ်းဆုံမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်းက စိတ်ပုံမှန်မဟုတ်သူတစ်ဦးကို စစ်ကောင်စီတပ်သားတစ်ဦးကသေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရပြီး ဆေးရုံတက်ရောက်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စိတ်ပုံမှန်မဟုတ်သူဟာ ကွမ်းယာဝယ်စားရင်း စကား စနောက်ပြောမိရာကနေ ကွမ်းယာဆိုင်ပိုင်က စစ်ကောင်စီတပ်ကို ဖုန်းဆက်ခေါ်လိုက်တာကြောင့် သေနတ်နဲ့ပစ်ခတ်ခံရပြီး ဆေးရုံတင်ထားရတာလို့ ဒေသခံတွေကပြောပါတယ်။

” ဖြစ်တာကတော့ မာလာကုန်းထိပ်မှာ
ကွမ်းရောင်းတဲ့ ကောင်မလေးကို အဲ့လူ ကွမ်း၀ယ်ရင်းစနောက်နေတာ၊ သူကစိတ်ပုံမှန်မဟုတ်တော့ ဘာတွေသွားပြောလဲမသိဘူး၊ ကွမ်းယာဆိုင်ကကောင်မလေးက စစ်တပ်ကသူနဲ့ အသိလား ရည်းစားလားမသိဘူး ဖုန်းဆက်ခေါ်လိုက်တာ၊ ဟိုက သေနတ်နဲ့ရောက်လာပြီး နှစ်ချက်ပစ်သွားတာ သေတော့မသေဘူး”လို့ အသက် ၃၀ ကျော်အရွယ် မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သေနတ်ထိမှန်ခံရသူဟာ ကန်ကြီးထောင့်မြို့က ကိုသြော်ကြီးလို့ လူတိုင်းသိကြပြီး မူစလင် လူမျိုးဖြစ်ကာ စိတ်ကျန်းမာရေးဆေးရုံကို ၂ ကြိမ်တက်ရောက်ခဲ့ရသူ​ဖြစ်ပြီး စိတ်ပုံမှန်မဟုတ်တာကြောင့် ခုဖြစ်ရပ်မှာဥပဒေမဲ့ သေနတ်နဲ့ပစ်ခတ်ဖို့မသင့်ဘူးလို့ မြို့ခံတွေကပြောပါတယ်။

“သူက စိတ်ကျန်းမာရေး ဆေးရုံကလတ်မှတ်ရထားတာမြို့ကသိပါတယ်၊ သူက ကွမ်းယာသည်နဲ့ စနောက်စကားများပြီး အဲ့ရှေ့က ဘော်ဒါစားသောက်ဆိုင်မှာထိုင်ပြီးနေတာ၊ ဟိုစစ်သားက ရောက်လာပြီး အပြင်ကိုလှမ်းခေါ်ပြီး ခြေထောက်တွေကိုပစ်သွားတာ၊ သူ့အပြစ်က သေနတ်နဲ့ပစ်ရအောင် ကြီးလို့လား၊ လက်နက်ရှိတယ်ဆိုပြီး ဥပဒေမဲ့ ပါဝါပြခြင်တာဖြစ်မယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကိုသြောကြီးမှာ ခြေထောက်မှာ သေနတ်ထိမှန်ဒဏ်ရာ ၂ချက်ရရှိခဲ့ပြီး ပုသိမ်ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပြီး ပစ်ခတ်ခဲ့တဲ့စစ်ကောင်စီတပ်သားကို အရေးယူမှုတစ်စုံတစ်ရာပြုလုပ်တာမရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက် ရတနာလမ်း (ကွင်းကလေးချောင်)မှာ အမျိုးသားတစ်ဦးကိုမူးရစ်ရမ်းကားတယ်ဆိုပြီး စစ်တပ်ကသေနတ်နဲ့ပစ်ခတ်တာကြောင့် ဆေးရုံတက်ရောက်ပြီး ၃ ရက်အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။