ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကုလားကွဲအုပ်စု၊ လုံခံကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် ယနေ့နံနက်ပိုင်းမှ စတင်၍ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၆၀၀ ဦးခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ၏ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခလရ (၂၅၃) ၊ ခမရ (၆၈) တို့သည် လုံခံကျေးရွာသို့ စစ်ကြောင်းထိုးလာရာ ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်မှ စတင်၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“လုံခံရွာမှာ စခ(စစ်ကောင်စီတပ်သား)တွေ ပိတ်မိနေလို့ ရွာခံတွေကို လူသားဒိုင်း လုပ်နေတယ်။ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ် တံတားဦးလေဆိပ်ကနေ တက်ကြဲတာ။ ပုဇဉ်းကော၊ ဂျက်ဖိုက်တာကော နှစ်ကြိမ်ရှိပြီ။ ထိခိုက်ဒဏ်ရာ ရတာရှိတယ်။ ဆွဲထုတ်နေတုန်း အရေအတွက် မသိရသေးဘူး။ ကိုယ့်ဖက်က တစ်ယောက်ကျတယ်။ စကစ ဘက်က အင်အားထပ်ဖြည့်တင်းနေပြီး လက်နက်ကြီးတွေ ထပ်ယူလာတယ်။ တိုက်ပွဲပြင်းထန်မယ့် အလားလာရှိတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် နောင်ချိုမြို့နယ်၊ ကုလားကွဲအုပ်စု၊ လုံခံကျေးရွာ၊ နားခါးကျေးရွာ၊ ကြံခင်းကျေးရွာ၊ ဒိုးပင်ကျေးရွာတို့မှ ဒေသခံပြည်သူ ၆၀၀ ဦးခန့် ဒိုးပင်ဘုန်းကြီး ကျောင်းတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း လုံခံဘုရားကုန်း မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်များ စသည်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ယခုအချိန်ထိ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်လျက်ရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထိခိုက်ပျက်စီး၊ သေဆုံးဒဏ်ရာရမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။