ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်း၊ ၆ ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ CB ဘဏ်ကို ယနေ့ မွန်းလွဲပိုင်းအချိန်က သေနတ်ပြ၍ ၀င်ရောက်ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

ဖေဖော်ဝါရီ ၁၀ ရက် နေ့လည် ၂ နာရီ ၅၀ မိနစ် အချိန်ခန့်က CB ဘဏ်ခွဲ (သီရိမင်္ဂလာ)ကို လူတစ်ဦးမှ ၀င်ရောက်လာပြီး သေနတ်ပြခြိမ်းခြောက်၍ ဘဏ် ကောင်တာရှိ ငွေကျပ်သိန်း ၅၀ ကို ယူဆောင်သွားကြောင်း CB ဘဏ်နှင့် နီးစပ်သူမှပြောသည်။

“ဘဏ်ထဲကို အဲဒီလူက ၀င်လာတစ်ယောက်ထဲ။ ပြီးမှ အိတ်ထဲကနေ သေနတ်ထုတ်ပြပြီး ကောင်တာက ၅၀၀၀ ‌တန်ငွေတွေ သိန်း ၅၀ ကို ယူသွားတာ။ ဘယ်သူမှတော့ ထိခိုက်မှုမရှိဘူး”ဟု ဘဏ်နှင့်နီးစပ်သူတစ်အမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဘဏ်သို့၀င်ရောက်လုယက်သူသည် ရန်ကုန်-ပုသိမ် ကားလမ်းပေါ်တွင် အသင့်စောင့်နေသည့် ဘန်အဖြူ ရောင်အငှားယာဉ်နှင့် ထွက်ပြေးသွားကြောင်းနှင့် လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ အတည်ပြုပြောသည်။