ဧရာဝတီတိုင်းမ်
(ဇိုတုန်)၊ ဖေဖော်ဝါရီလ ၁၀ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဇိုတုန်နယ်တွင် CDF-ZOTUNGနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး ဒေသခံပြည်သူ ၂၅၀၀ ခန့်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကာ စစ်တပ်က လူသားဒိုင်းအဖြစ် ခေါ်ဆောင်မှုများရှိကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်မှုကြောင့် မတူပီ-ရေဇွာအကြားရှိ တိန်ဆီးရွာ၊ ထောင်လန်ရွာ၊ ရှန်ငိုးရွာ၊ ရိန်ထန်းရွာ၊ လုံထဲာလ်ရွာ၊ လမ်ဖိုင်းရွာနှင့် ဆော်တီးရွာတို့မှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“မနေ့ (ဖေဖော်ဝါရီ ၉ ရက်နေ့) က လမ်ဖိုင်းရွာနဲ့ ဆော်တီးရွာတို့မှာ တိုက်ပွဲ ပြင်းထန်တယ်။ အခုထိလည်း တိုက်ပွဲက ဆက်လက်ပြင်းထန်နေတုန်းပဲ။ အများစု ကတော့ မီဇိုးရမ် နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေပါတယ်။ တချို့တွေကတော့ စစ်ကောင်စီ တပ်တွေမရောက်နိုင်တဲ့ ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင် နေကြ ပါတယ်” ဟု အသက်(၃၅) နှစ်ဝန်းကျင်ရှိ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတူပီမြို့ဘက်မှ တောလမ်းဖြင့် စစ်ကြောင်း ထိုးလာကာ ဇိုတုန်နယ်၊ တိန်ဆီးရွာသို့ ရုတ်တရက်ဝင်ရောက်လာပြီး ပြည်သူ ၁၀ ဦးကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကြောင်းဒေသခံများ၏ ပြောဆိုချက် အရသိရသည်။
လူသားဒိုင်းအဖြစ်အသုံးပြုသော ပြည်သူ ၁၀ ဦးအနက် အသက်မပြည့်သေးသော ကလေးငယ် တချို့ ပါဝင်နေပြီး ပြည်သူ ၂ ဦးကို ပြန်လွှတ်ပေးကာ ကျန် ၈ ဦးကို ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။
တိုက်ပွဲပြင်းထန်းမှုကြောင်း မတူပီမြို့နယ်၊ ဇိုတုန်နယ်ရှိ ဒေသခံပြည်သူများသည် ဖေဖော်ဝါရီ ၅ ရက်နေက စတင်၍ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။
#ချင်းပြည်နယ် #မတူပီမြို့နယ် #တိုက်ပွဲပြင်းထန် #ဒေသခံပြည်သူများ #ထွက်ပြေးတိမ်းရှောင် #Ayeyarwaddy_Times