ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းမှာ ဖောကားနဲ့ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို မနေ့က ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လည် ၁ နာရီ ဝန်းကျင်အချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ ကျားသစ်နက်တပ်မတော်ထံမှ သိရပါတယ်။
အဲ့ဒီ ဖောကားနဲ့ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ကိုင်းတောမရွာ ရဲစခန်းနဲ့ စက်မှု(၂) ကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်က တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“စစ်ကောင်စီက ကင်းပုန်းတွေ အထပ်ထပ် ချထားတဲ့ ကြားက ကျွန်တော်တို့ ကာကွယ်ရေးရဲဘော်များဟာ ဒီကောင်တွေမောင်းလာတဲ့ ဖောကားကို လက်နက်ငယ် များနဲ့ အသင့်စောင့်ဆိုင်းပီးပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၂ ဦးသေဆုံးခဲ့သလို အများအပြားဒဏ်ရာ ရရှိပြီး ဖောကားကို အတင်းမောင်း ပြေးသွားခဲ့ကြတယ်” လို့ ကျားသစ်နက်တပ်မတော် – Black Leopard Army ခေါင်းဆောင် ဗိုလ်ဥက္ကာက ဧရာဝတီတ်ိုင်းမ်ကို ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကိုတော့ ကျားသစ်နက်တပ်မတော် တပ်ခွဲ (၇) နဲ့အတူ ပခုက္ကူခရိုင်တပ်ရင်း (၁၅) ၊ တပ်ခွဲ (၃)၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ မြိုင်၊ ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့၊ ၇၀၃ တပ်ရင်းနှင့် GOBA တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။