ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်
အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံသို့ ဗိုလ်ချုပ်ကြီးတစ်ဉီးကို အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်ပါက သူ့ကို သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံခွင့်ပြုရမယ်လို့ လွန်ခဲ့သောဆယ်စုနှစ်တစ်ခုက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကူညီခဲ့တဲ့ အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးဟောင်းတစ်ဉီးက ပြောကြား လိုက်ပါတယ်။
အထူးကိုယ်စားလှယ်ဟာ စစ်တပ်အပေါ် အရပ်ဘက်ထိန်းချုပ်မှုကို ထောက်ခံပြီး ဒီမိုကရေစီ အသွင်ကူး ပြောင်းမှုကို နားလည်သူဖြစ်ရမယ်လို့ အငြိမ်းစား ဗိုလ်ချုပ်ကြီး အေဂတ်စ်ဝီဂျိုဂျိုက ပြောပါတယ်။
ဒါ့အပြင် အထူးကိုယ်စားလှယ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရတဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့လို အပ်တယ်လို့ သူက ဆိုပါတယ်။
“တစ်ဖွဲ့တည်းနဲ့ တွေ့ဆုံဖို့မဟုတ်ဘဲ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံတာဟာ သူ့ရဲ့အလုပ်ဖြစ်ပြီး ဒါမှသာ အဖြေတစ်ခု ရှာတွေ့နိုင်မှာဖြစ်ပါတယ်” လို့ ဝီဂျိုဂျိုက ပြောပါတယ်။
ဒေသတွင်း အကြီးမားဆုံးတိုင်းပြည်ဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကူညီခဲ့ တာကြောင့် အာဏာသိမ်းမှုအလွန် မြန်မာ့အကျပ်အတည်းဖြေရှင်းရာမှာ အာဆီယံဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ရဲ့ အခန်းကဏ္ဍကို များစွာ မျှော်လင့်ထားပါတယ်။
၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အင်ဒိုနီးရှားနိုင်ငံက ကူ ညီရာမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ခဲ့တဲ့ ဝီဂျိုဂျိုကို မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ ဟောပြောသူ အဖြစ် မကြာခဏဆိုသလို ဖိတ်ကြားခဲ့ပါတယ်။
သမ္မတ ဂျိုကိုဝီရဲ့ အထူးကိုယ်စားလှယ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ ပါဝင် ခဲ့ပြီး နှစ်နိုင်ငံစလုံးက စစ်တပ်အကြောင်း နားလည်သူဖြစ်ရမယ်လို့ သူက ပြောပါတယ်။
ဝီဂျိုဂျိုကိုယ်တိုင်က အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူဖြစ် တယ်လို့ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Westminster Institute က ပြောပါတယ်။
“ဗိုလ်ချုပ်ကြီး ဝီဂျိုဂျိုက အင်ဒိုနီးရှားစစ်တပ်ရဲ့ လူမှုနိုင်ငံရေး အခန်းကဏ္ဍ အသွင်ကူးပြောင်းမှုမှာ ထဲထဲ ဝင်ဝင် ပါဝင်ခဲ့ပြီး ၁၉၉၈ ခုနှစ် သမ္မတ ဆူဟာတို ပြုတ်ကျစေခဲ့တဲ့ ငြိမ်းချမ်းသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကို ဉီးဆောင်ခဲ့ပါတယ်” လို့ Westminster Institute က ဆိုပါတယ်။
ကိုးကား – RFA
Ref; Indonesian ex-general: Any military envoy to Myanmar must meet all parties