ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်

ငြိမ်းချမ်းရေးရရှိဖို့ သံတမန်နည်းလမ်းနဲ့ ကြိုးပမ်းမှုတွေ စမ်းတဝါးဝါးဖြစ်နေတဲ့ အာဏာသိမ်းမှုဘေးသင့် မြန်မာနိုင်ငံမှာ တည်ငြိမ်မှုရရှိရေး လုပ်ဆောင်ရာမှာ ပိုမိုကြီးမားသော အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ဖို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထိုင်းနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ အန်ဝါက ထိုင်းဝန်ကြီးချုပ် ပရာ ယွတ်ချန်အိုချာနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံမှုပြုလုပ်တာ၊ အာဏာသိမ်းမှုကြောင့် ကစဉ့်ကလျားအခြေအနေ ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရှိ စစ်ကောင်စီကျူးလွန်တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို မှေးမှိန်အောင်ပြုလုပ်တာ ကြောင့် ထိုင်းအစိုးရဟာ နိုင်ငံတကာရဲ့ဝေဖန်မှု ခံနေရပါတယ်။

“မြန်မာစစ်ကောင်စီနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားက ဝန်ကြီးချုပ်ဆိုရင် ကျွန်တော်တို့ရဲ့စိုးရိမ်မှုတွေကို ပိုမို ဖော်ပြနိုင်တဲ့နေရာမှာရှိပါတယ်” လို့ အန်ဝါက သတင်း ထောက်တွေကို ပြောပါတယ်။

မလေးရှားနိုင်ငံက လက်ခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၀၀၀၀၀ ခန့်ဟာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ် ခုလို့ သူက ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်အာဏာရှင်တော်လှန်ရေး တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံရဲ့ ကစဉ့်ကလျားအခြေအနေ ဖြေရှင်းဖို့ အာဆီယံက အကျိုးမဲ့ သံ တမန်ရေးကြိုးပမ်းမှုတွေ ဉီးဆောင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ပါဝင်ပေမယ့် စစ်ကောင်စီကို ဝေဖန်ခဲ့တဲ့ အာဆီယံနိုင်ငံတွေကို ချန်လှပ်ထားတဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို လက်ခံကျင်းပခဲ့ပါ တယ်။

အာဆီယံ ဘုံသဘောတူညီချက် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာကြောင့် ဒေသတွင်း အစည်းအဝေး တွေမှာ စစ်ကောင်စီကို တက်ရောက်ခွင့်ပိတ်ပင်ပြီးနောက် အဲဒီအလွတ်သဘောဆွေးနွေးပွဲဟာ စစ်ကောင်စီ နိုင်ငံ ခြားရေးဝန်ကြီးက အာဆီယံအဖွဲ့ဝင်အချို့ကို လူကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ ပထမဆုံးအစည်းအဝေးဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဟာ ယုတ္တိတန်သော၊ ပူးပေါင်းဆောင်ရွက်သော အရေးယူမှု လိုအပ်ခဲ့တယ်လို့ အန်ဝါက ပြောပါတယ်။

ငြိမ်းချမ်းရေးအစီအစဉ် ဖော်ဆောင်ရာမှာ စည်းလုံးညီညွတ်မှုပြသဖို့ ပြီးခဲ့တဲ့အပတ်အတွင်း ဂျကာတာမြို့ တော်မှာပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက အာဆီယံနိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

ကိုးကား – AFP
Ref; Malaysia’s Anwar urges Thailand to step up on Myanmar crisis