ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ကုလားကွဲအုပ်စု၊ လုံခံကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်၊ မနက် ၆ နာရီ ၁၅ မိနစ်ခန့်က အာဏာသိမ်း စစ်ကောင်စီတပ်နှင့် မန်း PDF တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
လုံခံကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ၂၅၃ ၊ ၆၈ တို့နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး မန်း PDF ဘက်မှ အသာစီးရကာ လက်နက်များ သိမ်းဆည်းရမိထားကြောင်း သိရသည်။
“တပ်ရင်းနှစ်ခုပေါင်းပြီး သူတို့ (စကစ)ဘက်က ထိုးစစ်ဆင်လာတာ။ တိုက်ပွဲဖြစ်တာကတော့ လုံခံကျေးရွာထဲမှာပါ။ ဒီဖက်က အသာစီးရနေတယ်။ စကစဘက်က လက်နက်ကြီးကျည်တွေထားပြီး ပြန်ဆုတ်သွားတယ်။ အဝေးကနေ လက်နက်ကြီးနဲ့ ထုနေတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေပြီး လုံခံဘုရားကုန်းပေါ်ရှိ စေတီမှာ ထိခိုက်ခဲ့ကြောင်းနှင့် လားရှိုးဘက်မှ အာဏာသိမ်း စစ်ကောင်စီ၏ လေယာဉ် ၁ စီး စစ်ကူရောက်ရှိလာကြောင်း သိရသည်။
“ပုဇဉ်းနဲ့ နာရီဝက်လာပစ်သွားတယ်။ လုံခံဘုရားကုန်း မီးလောင်ပျက်စီးတယ်။ ထိခိုက်မှုအနည်းငယ်ရှိတယ်။ အရေအတွက် မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီး၊ သေဆုံးဒဏ်ရာရမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။