နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ရခိုင်)၊ ဖေဖော်ဝါရီလ ၁၀ ရက်

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ၂၀၂၃ ခုနှစ်မှာ ထွက်ပြေးမှုပိုမိုများပြား လာတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

မြန်မာနိုင်ငံအတွင်းက တိုင်းနဲ့ပြည်နယ်အလိုက်ကနေ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ဖို့အတွက် ၂ နှစ်ဆိုပြီး အမိန့်နဲ့ ပြောင်းရွှေ့ခိုင်းခဲ့ပေမယ့် ၃ နှစ်ပြည့်ကာနီးအထိ ပြောင်းရွှေ့ခွင့်မရတာကြောင့် ခုလိုမျိုး ထွက်ပြေးတာတွေ ပိုမိုများပြားလာတာလို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ ရခိုင်မှာ တာဝန်ထမ်းဆောင်ဖို့ ၂ နှစ်ဆိုပြီးလွှတ်လိုက်တာ၊ ခု ၃ နှစ်ပြည့်တော့မယ် ကိုယ်နေခဲ့ရတဲ့ စခန်းကို ပြန်မပို့ပေးဘူး၊ မိသားစုတွေကို အရင်နေခဲ့တဲ့ စခန်းမှာပဲထားခဲ့ရတာ၊ ခုက အစားထိုးမယ့် သူတွေ မလာတော့ အားလုံးနှစ်ထပ်တိုးရတာ၊ အစားထိုးဖို့လာတဲ့သူတွေကလည်း လမ်းမှာပြေးတယ်၊ ဒီကသူတွေ ကလည်း အစားထိုးမယ့်သူမလာလို့ ပြေးတယ်၊ အဲ့လိုတွေဖြစ်ကုန်တာ”လို့ ရခိုင်ပြည်နယ်မှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ရခိုင်ပြည်နယ်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့အတွက် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အလိုက်က ရဲတပ်ဖွဲ့ဝင်တွေကိုစုပြီး ထွက်မပြေးအောင် အဆင့်ဆင့်စောင့်ကြည့်ပြီး လိုက်ပို့ပေးရတာတွေ ရှိပေမယ့် လမ်းခရီးမှာ ထွက်ပြေးတာတွေများလာတာလို့ ဆိုပါတယ်။

ဒါ့ပြင် ရခိုင်ပြည်နယ်ကို မပြောင်းချင်တာကြောင့်လည်း အဆင့်ဆင့်အလိုက်ကို ငွေကျပ် ၁၀ သိန်း ကနေ သိန်း ၃၀ အထိ လာဘ်ငွေထိုးရတာတွေလည်း ရဲတပ်ဖွဲ့အတွင်းမှာ ဖြစ်ပေါ်နေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။