ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး အဖွဲ့များက နှစ်ကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ဦးသေဆုံးပြီး ၇ဦးဒဏ်ရာ ရရှိကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဖေဖော်ဝါရီ ၉ရက်နေ့ နံနက် ၇ နာရီဝန်းကျင်နှင့် ၉ နာရီကျော်တို့တွင် တွင်းမနှင့် သရက်ကန်လမ်းတွင် ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ) အဖွဲ့ထံက သိရသည်။

“ဖလံကိုင်းက‌နေ ကိုင်းတောဝမှာ ညအိပ်ပြီး ထွက်လာမယ့် စစ်ကောင်စီတပ်ကို ကင်းပုန်းဝပ်ပြီး လုံခြုံရေး ယူပေးနေတဲ့ အင်အား၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ် နဲ့ပျူစောထီး ပူးပေါင်းအဖွဲ့ကို မနက် ၇ နာရီမှာ မိုင်းနဲ့တစ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ကံမဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီကား နှစ်စီးကိုတော့ ၉ နာရီကျော်မှာ ထပ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ နှစ်ကြိမ်စလုံးမှာ စစ်ကောင်စီဘက်က နှစ် ဦးသေဆုံးပြီး ခုနစ် ဦး ဒဏ်ရာရတယ်”ဟု မြိုင်(ပကဖ)ခေါင်းဆောင် ဗိုလ်လက်ယာ ကဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်(ပကဖ)တပ်ခွဲ(၁)အဖွဲ့နှင့်အတူ ၊တပ်ခွဲ(၂)-ဂဠုန်တပ်ဖွဲ့၊အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ထံက သိရသည်။