ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်

ကရင်ပြည်နယ်၊ KNLA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ကော့ကရိတ် မြို့နယ်၊ ကျုံဒိုးမြို့အခြေစိုက် အမှတ် ၅၄၅ တပ်ရင်းအတွင်းသို့ ကရင့်လွတ်မြောက်ရေးတပ်မတော် – KNLA က ယနေ့ (ဖေဖော်ဝါရီလ ၉ ရက်နေ့)တွင် ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

KNLA က ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဗုံးသီး ၂ လုံးပါ ဒရုန်းတစ်စင်းဖြင့် ကြဲချတိုက်ခိုက်ခံရသဖြင့် တပ်ရင်းအတွင်း၌ စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေးခဲ့ကြပြီး စစ်ဘက်သုံး မော်တော်ယာဉ် တချို့နှင့် တပ်ရင်းအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

“ဒရုန်းနဲ့ ဗုံးလာကြဲတာ။ တပ်ရင်းဝန်းထဲ တည့်တည့်ကြဲချတာ။ ဗုံးကြဲခံရတော့ တပ်ထဲကလူတွေ ကစဉ့်ကလျားပြေးကြတာပေါ့။ လူသေကြေ ထိခိုက်တာတော့ မကြားမိဘူး။ အဆောက်အအုံတေချို့နဲ့ ကားတချို့တော့ပျက်စီးတယ်လို့ သိရတယ်”ဟု အဆိုပါ ခမရ ၅၄၅ တပ်နှင့်နီးစပ်သူ တပ်တွင်းသတင်းရင်းမြစ် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

KNLA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ကော့ကရိတ် မြို့နယ်၊ ကျုံဒိုးမြို့၊ တံတားဦးရွာ အနီးတွင် ဇန်နဝါရီလ ၂၄ ရက်မနက်ပိုင်းကလည်း တပ်မ ၄၄ လက်အောက်ခံ ခမရ ၃ ၊ ကျုံဒိုး အခြေစိုက် ခမရ ၅၄၅ ပူးပေါင်းတပ်များနှင့် ကရင့်ပူး ပေါင်းတပ်ဖွဲ့များ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ပြီး စကခ ၁၂ လက်အောက်ခံ ကျုံဒိုးအခြေစိုက် ခမရ ၅၄၅ နဲ့ ၅၄၆ တပ်ရင်းများမှ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။