ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ဖေဖော်ဝါရီလ ၈ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က စိတ်ချို့ယွင်းသူ အမျိုးသားတစ်ဦးအား ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအမျိုးသားသည် အလယ်ဆိပ်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ည ၁၀ နာရီဝန်းကျင်တွင် မဲဇာစခန်းရှေ့က ဖြတ်သွားချိန်တွင် သေနတ်ဖြစ် ပစ်ခတ်ခံရကာ နေရာတွင် သေဆုံးသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့ထံမှသိရသည်။

“မဲဇာနဲ့ အလယ်ဆိပ်က တစ်မိုင်လောက်တော့ဝေးမယ်ဗျ၊ သူက အဲ့ရွာကိုပြန်တာပါ၊ သူက စိတ်ချို့ယွင်းနေတော့ ညမထွက်ရအမိန့်လဲ သိပုံမရဘူးထင်တယ်၊ ကြေညာတာကလဲ အဲ့နေ့ကမှ ကြေညာတာ၊ သူတို့က အမေးမြန်းမရှိဘဲပစ်သတ်လိုက်ကြတာဗျ၊ သူတို့က အရင်ထဲ မိုက်ရိုင်းတဲ့သူတွေဆိုတော့ ပိုပြီးဆိုးလာတာ မဆန်းဘူးဗျ၊ ပြည်သူတွေအနေနဲ့က ပိုပြီး ဂရုစိုက်နေထိုင်ကြပါ”ဟု lndaw Revolution lR အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အဆိုပါအမျိုးသားသည် အသက် ၄၅ နှစ်ဝန်းကျင်ခန့်ရှိကာ အလောင်းအား ယနေ့မနက်ပိုင်းတွင် မိသားစုများက သွားယူကာ သဂြိုဟ်ခဲ့ရကြောင်း lndaw Revolution lR အဖွဲ့ထံမှ သိရသည်။