ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဖေဖော်ဝါရီလ ၉ ရက်
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ရေး-ထားဝယ် ကားလမ်းပေါ်မှာ အရပ်သားကားကို မှားယွင်း တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်ပြီး ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) က တောင်းပန်စာ ထုတ်ပြန်သည်။
ရေး-ထားဝယ် ကားလမ်းပေါ်နှမ်းကျဲရွာနှင့် ၂၇ မိုင်ကြားတွင် အရပ်သားများ လိုက်ပါလာသော ဘုန်းကြီးကားကို မှားယွင်း တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို အနူးအညွတ် ဝန်ချတောင်းပန်ကြောင်း YPPDF က ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ထုတ်ပြန်ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ ၆ ရက် နေ့လယ်ပိုင်းက ရာဖူးရွာသစ်ကျောင်းက ဘုန်းကြီးကား ထားဝယ်ဘက်မှ ရာဖူးရွာသို့ ပြန်လာစဉ် လမ်းခုလတ်၌ တိုက်ခိုက်ခံရပြီး ကားပေါ်ပါလာသော ဆရာတော် ဦးဥက္ကဋ္ဌ နှင့် ဒေါ်အုန်းမြ ဆိုသူတို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၆ ဦးထက်မနည်း ရှိခဲ့ကြောင်းလည်း သိရသည်။
အဲဒီနေ့က ကျနော်တို့တပ်ဖွဲ့တွေဟာ ကလိန်အောင်မြို့မှ ရေဖြူမြို့အနီးရှိ တပ်ရင်းတစ်ခုသို့ အရပ်ဝတ်ဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်အပြန်ကို မိုင်းဆွဲ့ဖို့စောင့်နေခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်ချိန်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါစီးနင်းလာသော ဟိုက်ဂျက်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခံတာပါ။ အဲဒီကား ၂ စီးရဲ့ ကြားမှာ ပြည်သူများ လိုက်ပါလာသော ကားသည် ကြားဝင်မောင်းနှင်လာတာကို ကျနော်တို့တပ်ဖွဲ့မှ လုံးဝ (လုံးဝ) မသိရှိရဘဲ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်ဟု YPPDF တပ်ဖွဲ့ဝင် တစ်ဦးကလည်း ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
မိုင်းဆွဲ တိုက်ခိုက်ပြီးမှ ကားပေါ်မှာ ပြည်သူများ ပါလာသည်ကို သိခဲ့ရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ထိခိုက် ဒဏ်ရာရ ပြည်သူများကို ကူညီ ဆောင်ရွက်ပေးချင်သော်လည်း အခက်အခဲ အမျိုးမျိုးကြောင့် နီးစပ်ရာ ဆေးရုံနှင့် အရေးပေါ် ကယ်ဆယ်ရေးကားများကို ဖုန်းဆက် အကြောင်းကြားပြီး ပြန်လည် ဆုတ်ခွာခဲ့ရကြောင်းလည်း အထက်ပါ YPPDF တပ်ဖွဲ့ဝင်က ပြောသည်။
ယင်းဖြစ်စဉ်တွင် ထိခိုက်မိသူများကို ရေဖြူ မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) က ဝန်ချ တောင်းပန်ကြောင်း၊ နောက်ထပ် ယင်းသို့ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်စေရန် နှင့် ပြည်သူများ မျှော်လင့်ထားသည့် တော်လှန်ရေး ပြီးမြောက်အောင် အကောင်းဆုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ခံ ကတိပြုသည် ဟုလည်း ဆိုသည်။