ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖေဖော်ဝါရီလဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီက အိမ်ထောင်စုစာရင်း ကောက်တာတွေကို အင်အားအများသုံးကာ ကျေးရွာတွေထိကွင်းဆင်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မရှီကထောင်ရပ်ကွက်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က အိမ်ထောင်စုစာရင်း စာရွက်ဝေဖို့အတွက် စစ်ကောင်စီ တပ်ကား ၈ စီးအင်အားအပြည့်နဲ့ လာပြီးမှ လုပ်ဆောင်သွားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ သူက အိမ်ထောင်စုစာရင်းကောက်ဖို့ ဖောင်ဖြည့်ရမယ့်သဘောမျိုးပေါ့ အဲ့လိုစာရွက်တွေလာဝေတာ အဲ့တာတောင် စစ်ကား ၈ စီးနဲ့ လာရတယ်၊ ပြီးရင် ပြန်လာအပ်ပေးဖို့ မှာသွားတာ”လို့ အသက် ၄၀ ကျော် ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖောင်ဖြည့်ပြီးတဲ့ စာရွက်တွေကို ထွေအုပ်ရုံးကို ဒေသခံတွေလာရောက်ပြီး ကိုယ်တိုင်ပြန်အပ်နှံပေးဖို့အတွက် လည်းမှာကြားသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သား အများအပြားနဲ့ ဒေသခံတွေဆီကို ခုလိုမျိုး အိမ်ထောင်စုစာရင်းလိုက်ကောက်တာမျိုးကို မှော်ဝမ်းရပ်ကွက်မှာလည်း ပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအများစုကတော့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို စိတ်မဝင်စားပေမယ့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေက အတင်းစည်းရုံ ဟောပြောတာမျိုးတွေ အချက်အလက် ကောက်ခံတာမျိုးတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။