ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့တွင် သင်ဖျာဈေးများထိုးကျကာ အဝယ်ဒိုင်အချို့ပိတ်ထားသောကြောင့် ဒေသခံများ အခက်ခဲဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
သင်ဖျာလုပ်ငန်းသည် ပန်းတနော်မြို့၏ ဒေသထွက်ကုန်ဖြစ်ပြီး ယခုအခါတွင် ဈေးနှုန်းများ ထိုးကျကာ အဝယ်ဒိုင်အချို့ပိတ်ထားကြောင်း ဒေသခံများထံမှသိရသည်။
“အရင်ကဆို ဒီအချိန် ပွင့်လင်းရာသီရောက်ရင် အရောင်းဝယ်တွေ ကောင်းတယ်၊ အခုက ဈေးနှုန်းထိုးကျပြီး အဝယ်ဒိုင်တွေပိတ်တဲ့အထိဖြစ်တော့ ကျွန်မတို့က စားဝတ်နေရေး အခက်ခဲဖြစ်နေကြတယ်၊ကုန်ကြမ်းဈေးဖြစ်တဲ့ သင်မ ဈေးက မကျဘဲ ကုန်ချောဈေးဖြစ်တဲ့ ဖျာဈေးက ဈေးထိုးကျတော့ အရှုံးနဲ့လုပ်ကိုင်နေရတဲ့အပြင် ထွက်ရှိတဲ့ သင်ဖျာကိုလည်း အဝယ်ဒိုင်တွေက ပိတ်ထားတော့ ပိုပြီးအခက်ခဲဖြစ်နေကြပါတယ်”ဟု ပန်းတနော်မြို့ဒေသခံ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ယခင် ကပွင့်လင်းရာသီအချိန် ခရီးသွားတွေ အရမ်းများပြီး အရောင်းဝယ်တွေကောင်းကာ ရန်ကုန်ပွဲရုံကို ပို့ရတာ မလောက်လို့ ကုန်သည်တွေ အလုအယက် ဝယ်သည်အထိဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် အရောင်းအဝယ်မရှိမကောင်းသောကြောင့် အဝယ်ပိတ်ထားရကြောင်း သင်ဖျာကုန်သည်တစ်ဦးထံမှ သိရသည်။
“အရင်က ဒီအချိန်ဆို အရောင်းဝယ်တွေ အရမ်းကောင်းတယ်၊အခုက အရောင်းအဝယ် မကောင်းတော့ ဒိုင်ခဏ ပိတ်ထားရတယ်၊ငွေကလည်း အများကြီး မြှပ်နှံဖို့က အရင်လို မဟုတ်တော့ဘူးလေ၊အရောင်းအဝယ်တွေက ပိုပြီးဆိုးရွာတဲ့ဘက်မှာ ရှိနေတာ မရင်းရဲဘူးဖြစ်နေတယ်၊ဒါကြောင့် တတ်နိုင်သလောက်ဘဲ ဝယ်ထားပြီး အဝယ်ခဏပိတ်ထားရတယ်”ဟု ပန်းတနော်မြို့ သင်ဖျာလုပ်ငန်းရှင် တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
သင်ဖျာသည် အကြမ်းအချော အမျိုးမျိုးရှိပြီး၊ အမျိုးအစားများမှာ ၂ ယောက်အိပ် ၁ယောက်အိပ် ထိုင်ဖျာများ အစရှိပြီး ကွဲပြားကြသော်လည်း ဒေသခံအများစုသည် ၂ ယောက်အိပ်(၅ တောင်ဖျာ ဒေသခေါ်) ကိုသာ အများစုက လုပ်ကိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။
သင်ဖျာဈေးသည် ရာသီပေါ်ချိန်တွင် သင်ဖျာအကြမ်း ၂ ယောက်အိပ်(မချုပ်ရသေး)တစ်ချပ်လျှင် ၁၄၀၀၀ ကျပ်အထိ ရှိခဲ့ကာ ယခုလျှင် ၁၀၀၀၀ ကျပ်ဝန်းကျင်သာ ရောင်းရတော့ကြောင်း ဒေသခံများထံမှ သိရသည်။