ဧရာဝတီတိုင်းမ်
(ဇိုတုန်)၊ ဖေဖော်ဝါရီလ ၉ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဇိုတုန်နယ်တွင်ဖေဖော်ဝါရီ ၈ ရက်နေ့၊ နေ့လည် ၁၂ နာအချိန်ခန့်က CDF-ZOTUNG နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူများပြားကာ CDF-ZOTUNG က သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရသိရသည်။

မတူပီမြို့နယ်၊ ရေဇွာမြို့ဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များသည် ရေဇွာမြို့နှင့် မိုင် ၂၀ အကွာရှိ ကျေးရွာတစ်ရွာတွင် ယာယီတပ်စွဲထားကြောင်းသိရပြီး ဇိုတုန်နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန် လာနိုင်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတူပီမြို့ဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-ZOTUNG တို့အကြား အကြိမ်ကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး CDF-ZOTUNG ဘက်မှ တပ်ရင်းမှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးကြောင်းဒေသခံများက ပြောဆိုသည်။

မတူပီမြို့နှင့် ရေဇွာမြို့အကြားတွင် တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ခြင်းကြောင့် အဆိုပါကားလမ်းအား ပြည်သူလူထုများအနေဖြင့် အသုံးမပြုကြရန် CDF-ZOTUNGက အသိပေးထားပြီး ဒေသခံပြည်သူ ၈ ဦးကိုလည်း စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း CDF-ZOTUNG ထံမှ သိရသည်။