ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်
မကွေးတိုင်း၊ ချောက်မြို့တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့က ကလေးငယ်၂ ဦး မိုင်းထည့်ထားသည့် အထုပ်တစ်ထုပ်အား ဆော့မိရာမှ ပေါက်ကွဲသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါကလေး၂ ဦးသည် အသက် ၁၀နှစ် ဝန်းကျင်ခန့်ရှိသည် ယောင်္ကျားလေးများဖြစ်ပြီး ညနေ ၃နာရီဝန်းကျင်တွင် ချောက်မြို့ ဘောလုံးကွင်းတိုက်တန်း ဓနိပွဲရုံအနီးတွင် အထုပ်တစ်ထုပ်ကို သွားရောက်ဆော့မိရာမှ မိုင်းပေါက်ကွဲသေဆုံးခဲ့ကြောင်း ချောက်မြို့ ဒေသခံများထံမှ သိရသည်။
” အဲ့ကလေး၂ ဦးက မြို့ပေါ် မဟုတ်ဘူးလို့တော့ကြားတယ်၊ ရွာဘက်ကနေ မြို့ပေါ်တက်လာရင်း လမ်းဘေးက အထုပ်တွေ့လို့ သွားဆော့မိတာနေမှာပေါ့၊မိုင်းထုပ်လို့ မသိဘဲ သွားဆော့လို့ ပေါက်ကွဲပြီး သေသွားတာ ဖြစ်နိုင်တယ်ဗျ၊ ဘယ်အဖွဲ့က လုပ်ထားတာလဲတော့ သေချာမသိဘူး၊ ဖြစ်ပြီးတော့ စစ်ကောင်စီတပ်တွေ ရောက်လာပြီး စစ်တာဆေးတာတွေ လုပ်တယ်လို့တော့သိရတယ်”ဟု အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီးချောက်မြို့ ပြောက်ကျား အဖွဲ့က သူတို့ကလုပ်ဆောင်ခြင်းမဟုတ်ကြောင်း ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပြီး ၎င်းလုပ်ဆောင်မှုသည် ပြည်သူနှင့်တော်လှန်ရေး တပ်ဖွဲ့တွေကြား သွေးခွဲမှုလုပ်ဆောင်ခြင်းသာ ဖြစ်နိုင်ကြောင်း ချောက်မြို့ ပြောက်ကျားအဖွဲ့ တာဝန်ရှိသူမှ ပြောဆိုသည်။
“ကျွန်တော်တို့ကြားတာတော့ အဲ့ကလေး တွေက မတော်တဆ သွားဆော့မိပြီး ပေါက်ကွဲသွားတာဖြစ်နိုင်တယ်၊ အဲ့လုပ်ရပ်က ကျွန်တော်တို့အဖွဲ့နဲ့ ပြည်သူကို ရန်တိုက်ပေးတဲ့ပုံစံဖြစ်နိုင်တယ်၊ ကျွန်တော်တို့က မစ်ရှင်တွေ လုပ်တိုင်း ပြည်သူတွေကို အသိပေးပြီးမှ လုပ်တာပါ၊ ဖြစ်နိုင်တာက စစ်ကောင်စီရဲ့ လုပ်ရပ်လို့ မြင်တယ်၊ အဲ့ကလေးသေဆုံးတာနဲ့ ပတ်သက်ပြီး မိဘတွေနဲ့ထပ်တူ ကြေကွဲရပါတယ်၊ စစ်ကောင်စီတပ်တွေကိုလည်း ထိထိရောက်ရောက် တိုက်ခိုက်သွားမှာမို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးဝေးရှောင်ကြပါ”ဟု ချောက်မြို့ ပြောက်ကျားတပ်ဖွဲ့ CGF တာဝန်ခံ ကိုဘကွန်းက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
သေဆုံးသွားသော ကလေး၂ ဦးကို မြို့ပေါ်လူမှုရေးအဖွဲ့များက သယ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။