ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဖေဖော်ဝါရီလ ၉ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့၊ မြို့အဝင်ဂိတ်တွင် စခန်းချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ဒေသကာကွယ်ရေးတပ်CDF-Mindatတို့ ယမန်နေ့ မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိနိုင်ကြောင်းဒေသခံများထံမှ သိရသည်။
မြို့အဝင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အဆိုပါဂိတ်အနားရှိ ၁၀ နှစ်အရွယ် ဒေသခံကလေးငယ်တစ်ဦး ရင်ဘတ်ကျည်ဆံဖောက်ဝင်ခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိမှုကြောင့် မန္တလေးဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားရကြောင်းဒေသခံများက ပြောဆိုသည်။
“မြို့အဝင်ဂိတ်တိုက်ပွဲမှာ ရဲ ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေက သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ၁၀ နှစ်အရွယ်ဝန်းကျင် အမျိုးသမီးငယ်တစ်ဦး ရင်ဘတ်မှာ ကျည်ဆံဖောက်ဝင်ပြီးတော့ ပြင်းထန်စွာ ဒဏ်ရာရရှိတဲ့အတွက် မန္တလေးဆေးရုံကို အရေးပေါ်ပို့ဆောင်ရပါတယ်”ဟု အသက်(၂၆)နှစ်ဝန်းကျင်ရှိ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ရှိ ဒေသခံပြည်သူအမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပြီး မင်းတပ်မြို့၊ ငါးဦးစီးရုံးအနီးရှိ ပြည်သူနေအိမ်တစ်ချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့နေကြောင်းဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများဒဏ်ရာရရှိခဲသလို ပြည်သူနေအိမ်အများအပြားပျက်စီးခဲ့ကြောင်း ဒေသခံသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။
လက်ရှိတွင် မင်းတပ်မြို့နယ်အား စစ်ကောင်စီက အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ထားပြီး ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းနယ်စပ်တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် လှည့်လည်ထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
Photo- Salai Naing Hung
#မင်းတပ် #စစ်ကောင်စီ #တိုက်ပွဲ #ရဲ #၁၀နှစ် #ကလေးငယ် #ဒေသခံ #ဒဏ်ရာရ
#Ayeyarwaddy_Times