ဧရာဝတီတိုင်း
(မိုးဗြဲ)၊ ဖေဖော်ဝါရီလ ၉ ရက်
ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ စက်တော်ရာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Mobye People Defense Forceမှ သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီမှ မိုးဗြဲမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ တင့်ကား ၁ စီးအပါအဝင် တပ်သားအင်အားအများအပြားဖြည့်တင်းလျက်ရှိနေပြီး ယမန်နေ့တိုက်ပွဲအတွင်း ဖယ်ခုံစစ်ကောင်စီတပ်၊ မိုးဗြဲအခြေစိုက် ခမရ(၄၄၂)တပ်၊ ဝါရီဆူးပလိုင်းတွင်တပ်စွဲထားသည့် တပ်များမှ လက်နက်ကြီးပစ်ကူခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“တိုက်ပွဲက ဖယ်ခုံဒေသအနှံ့ ဆက်ဖြစ်လာတာ။ အခုတိုက်ပွဲကမိုးဗြဲ၊ စက်တော်ရွာမှာဖြစ်တာ မနေ့ကညနေထိ။ စစ်ကောင်စီကစစ်ကြောင်းထိုးလာမယ်ဆိုတာ ကြိုသိလို့ ဒေသခံတွေကိုေတာ့ ကြိုတင်ရှောင်ခိုင်းထားတယ်။ တိုက်ပွဲတိုင်းမှာ စစ်ကောင်စီက လက်နက်ကြီးအလွန်အကျွံသုံးတယ်။ ဒီတိုက်ပွဲမှာတော့ ပြည်သူထိတာမရှိဘူး။” ဟု အသက် ၃၀ ဝန်းကျင် ဖယ်ခုံဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီမှ ပစ်ကူပေးသည့် တာဝေးပစ်လက်နက်ကြီးများအနက် ၃ လုံးမှာ စက်တော်ရာရွာရှိ စစ်ကောင်စီတပ်သားများအပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအား မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)၊ လွိုင်ကော် PDF၊ KNDF-B03 တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရသိရသည်။
ထို့အပြင် မိုးဗြဲမြို့တွင် စစ်ရေးတင်းမာနေသဖြင့် ပြည်သူများအနေဖြင့် မိုးဗြဲ-စက်တော်ရာလမ်းအား အသုံးမပြုကြရန်လည်း Mobye PDF Rescue Team-MPRT မှ သတိပေးထုတ်ပြန်ထားသည်။
ဖယ်ခုံ-မိုးဗြဲဒေသတွင် ဖေဖော်ဝါရီလ ၄ ရက်မှ စတင်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအကြားတိုက်ပွဲများ ဖြစ်ပွားနေပြီး ဆောင်ကန်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးထိခိုက်သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။