ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်
မန္တလေးမြို့ရှိ အိုးဘိုထောင်အတွင်းမှ အမျိုးသမီး အိပ်ဆောင် ၁ နှင့် အိပ်ဆောင် ၂ တို့တွင် အကျဉ်းသူ အချင်းချင်း စကားများရန်ဖြစ်သည့်ကိစ္စကို အကျဉ်းထောင်တာဝန်ရှိသူများက ဖြေရှင်းမပေးဘဲ အိပ်ဆောင် အတွင်းသို့ အမျိုးသား ထောင်ဝါဒါများနှင့် အကျဉ်းသားများက ဝင်ရောက်ရိုက်နှက်မှု ဖေဖော်ဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့များက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အိုးဘိုထောင် အမျိုးသမီးအိပ်ဆောင် ၁ တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည်ပိုင်းတွင် အမျိုးသမီး အကျဉ်းသူအချင်းချင်း ရန်ဖြစ်သည့်ကိစ္စကို ထောင်တာဝန်ရှိသူများက ဖြေရှင်းမပေးဘဲ ထောင်ဝါဒါ အမျိုးသားများကို အမျိုးသမီးအိပ်ဆောင်ထဲသို့ စေလွှတ်၍ ရိုက်နှက်ခိုင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အမျိုးသမီးအိပ်ဆောင် ၂ ၌ အကျဉ်းသူအချင်းချင်း စကားများ ရန်ဖြစ်မှု ထပ်မံဖြစ်ပွားခဲ့ရာ ထောင်တာဝန်ရှိသူများက ထောင်ဝါဒါအမျိုးသားများအပြင် ထောင်ကျအကျဉ်းသားများ ကိုပါ အိပ်ဆောင်အတွင်း ဝင်ရောက်ရိုက်နှက်စေခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသူများအပါအဝင် အမျိုးသမီး ၇၀ နီးပါး ဒဏ်ရာများရရှိခဲ့ကြောင်း နိုင်ကျဉ်းမိသားစုများထံမှ သိရသည်။
“အကျဉ်းသူအချင်းချင်း စကားများရန်ဖြစ်တာကို ထောင်ပိုင်တွေက ဖြေရှင်းမပေးဘဲ အမျိုးသမီးအိပ်ဆောင်ထဲ ဝင်ရိုက်ခိုင်းတာ။ ၂ ရက်ဖြစ်တာ ၂ ရက်စလုံး ရိုက်တယ်။ ဒဏ်ရာရသူ အများကြီးရှိတယ်။ ဆေးကုခွင့်လည်း မပေးဘူး”ဟု အိုးဘိုထောင်၌ အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မိသားစုဝင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အိုးဘိုထောင်တာဝန်ရှိသူများမှ နိုင်ငံရေးအကျဉ်းသူများအား သံတုတ်၊ ဝါးဆစ်ပိတ်တုတ်၊ လောက်လေးခွ၊ ကျင်စက်များအသုံးပြုကာ ရိုက်နှက်နှိပ်စက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲသူ ၆ ဦး၊ လက်ကျိုးသူ ၁ ဦး၊ နားရွက်ပြတ်ရှ ဒဏ်ရာရသူ ၂ ဦး၊ မျက်စိအနီးတဝိုက် လေးခွမှန်သူ ၃ ဦး၊ မျက်မှန်ကွဲ၍ မျက်လုံးထဲ မှန်စဝင်ကာ ဒဏ်ရာရသူ ၁ ဦးတို့ရှိကြောင်း၊ လေးခွထိမှန်ဒဏ်ရာရသူ ၇၀ နီးပါးရှိခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
“အဲ့လိုအကြမ်းဖက် ရိုက်နှက်တာတွေ လုပ်ပြီးတဲ့နောက်မှာ အမျိုးသမီးအိပ်ဆောင်တွေကို အခန်းတွေ ပိတ်ထားတယ်။ အပြင်ထွက်ခွင့်လည်း မပေးဘူး။ ရုံးချိန်းတွေဆိုလည်း Video Call နဲ့ပဲ ရုံးထုတ်တယ်။ ဒီသတင်းကို လုံး၀အပြင်ကို မပေါက်ကြားဖို့ သူတို့ (ထောင်တာဝန်ရှိသူများ) သတင်းအမှောင်ချထားတာ”ဟု အဆိုပါ နိုင်ကျဉ်းမိသားစုဝင်က ပြောသည်။
ထောင်တာဝန်ရှိသူများ၏ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲ၊ ပြတ်ရှဒဏ်ရာရရှိသူများကို ထောင်တွင်း၌သာ ဖြစ်သလို ကုသပေးခဲ့ပြီး အခြားသော မစိုးရိမ်ရဒဏ်ရာရသူများကိုမူ ဆေးကုသပေးခြင်းမရှိကြောင်း နိုင်ကျဉ်း မိသားစုဝင်များက ပြောသည်။
ပြီးခဲ့သည့်ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသားတစ်ဦး ဘောင်းဘီဝတ်သည့်ကိစ္စနှင့် ပတ်သတ်၍ နိုင်ကျဉ်း ၁၁ ဦးကို ဖမ်းဆီးခြင်း၊ ဘောင်းဘီချွတ်၍ ရိုက်နှက်ခြင်းနှင့် ဒဏ်ရာရရှိသူများကို ဆေးကုသပေးမှု မပြုခြင်း၊ နိုင်ကျဉ်းတချို့ကို တိုက်ပိတ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။