ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ၏ အမှတ်(၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ယနေ့ ဖေဖော်ဝါရီ ၉ ရက်၊ နံနက်အစောပိုင်း ၁၂ နာရီ ၄၀ မိနစ်ခန့်က ရှော့တိုက်ဒုံး၊ RPG တို့ဖြင့် PRA-Magway ပူးပေါင်းတပ်ဖွဲ့တို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
အဆိုပါ ယမ်းချက်စက်ရုံကို PRA-Magway ဟောလုံစစ်ကြောင်းနှင့် မောလုံစစ်ကြောင်းတို့ ပူးပေါင်း၍ (၁၀၇) မမ ရှော့တိုက်ဒုံး ၂ လုံး၊ RPG ၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီး သေဆုံးမှုများရှိကြောင်း သိရသည်။
“စက်ရုံထိခိုက်မှုကို မျက်ဝါးထင်ထင် မြင်ခဲ့ပါတယ်။ အဆောက်အဦး ၃ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။ သူတို့ဘက် ထိခိုက်သေဆုံးမှုကတော့ စုံစမ်းဆဲပါ၊ များနိုင်ပါတယ်” ဟု PRA-Magway စစ်ဦးစီးချုပ် ဟာကြူလီက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ထိုပစ်ခတ်တိုက်ခိုက်မှုကြောင့် အာဏာသိမ်း စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရရှိမှုနှင့် အဆောက်အဦ ပျက်စီးမှုများရှိနိုင်ပြီး မိမိတို့မှ အထိအခိုက်မရှိ အောင်မြင်စွာ နောက်ဆုတ်နိုင်ခဲ့ ကြောင်း စစ်ဦးစီးချုပ် ဟာကြူလီက ဆိုသည်။
PRA-Magway အနေဖြင့် ရပ်တည်ချက်များ၊ မူဝါဒများကို ကိုင်စွဲကာ ရည်မှန်းချက်များ အောင်မြင်ပေါက်မြောက်သည်အထိ စစ်ရေးအရှိန်ကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာထုတ်ပြန်ထားသည်။
#Ayeyarwaddy_Times