ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံပြားရဲစခန်းကို ယမန် နေ့ ညပိုင်းအချိန်က ၀င်ရောက်စီးနင်းခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ရဲစခန်းဘားတိုက်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း People’s Defense Force-Salin ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့် က စလင်းမြို့နယ်ရှိ ကံပြားရဲစခန်းကို ဒေသတော်လှန် ရေးအဖွဲ့များမှ သွားရောက်တိုက်ခိုက်ချိန် သတင်းပေါက်ကြားမှုကြောင့် စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ဘားတိုက်ကိုသာ မီးရှို့နိုင်ခဲ့ကြောင်း မင်းဘူးခရိုင်တပ်ရင်း (၁) စလင်း PDF တာ၀န်ရှိသူတစ်ဦးမှ ပြောသည်။

“လာတိုက်မယ်ဆိုတာ သတင်းကြိုရထားတော့ စစ်ကောင်စီဘက်က အင်အားတိုးချထားတာ။ ကျွန်တော် တို့က အလစ်၀င်တိုက်တာဆိုတော့ လူအင်အားကနည်းနည်းလေး။ အင်အားမမျှတော့ အထဲ၀င်လို့မရဘူး။ စခန်းသိမ်းနိုင်ခဲ့ခြင်းမရှိဘူးပေါ့။ ဒါပေမဲ့ သူတို့ ဘက်ကအထိနာတာမျိုးရှိတယ်။ ဆေးရုံမှာတက်ကုနေတဲ့လူ မနည်းဘူးလို့သိရတယ်။ ဘားတိုက်နဲ့ စခန်းအချို့ကိုတော့ မီးရှို့ခဲ့တယ်”ဟု စလင်း PDFမှ တာ၀န်ရှိသူက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ရဲစခန်းကို ၀င်ရောက်စီးနင်း တိုက်ခိုက်မှုမှာ ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ အယောက် ၂၀ နီးပါး သေဆုံးကြောင်း သိရှိရသော်လည်း ဧရာ၀တီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြု၍မရသေးပေ။

ပစ်ခတ်တိုက်ခိုက်မှုကို မင်းဘူးခရိုင်တပ်ရင်း-၁ People’s Defense Force-Salin၊ ပွင့်ဖြူ(ပကဖ)နှင့် မင်းဘူး(ပကဖ)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။