ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဖေဖော်ဝါရီ ၉ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် CNA နှင့် CDFပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက် ၁ နာရီတွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းတိုက်ပွဲတွင် CNA ဘက်မှ ဒုဗိုလ်တစ်ဦးကျဆုံးကာ စစ်ကာင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ကြောင်း CDF ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

ထန်တလန်မြို့၊ ဇုန်မွှန်ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံမြို့မရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၄၀ နီးပါးအခြေချတပ်စွဲထားကြောင်းသိရပြီး စခန်းသိမ်းပိုက်ပြီးနောက် ဒရုန်းပစ်လက်နက်များအပါအဝင် လက်နက်ခဲယမ်းစုစုပေါင်း ၄၀ ကျော်သိမ်းပိုက်ခဲ့ကြောင်း CNF ပြန်ကြားရေးတာဝန်ခံမှ ပြောဆိုသည်။

“ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် ၄၀ နီးပါးအခြေချတပ်စွဲထားတဲ့ စခန်းပါ။ စစ်ကောင်စီဘက်က လတ်တလောမှာ ၄ ယောက်သေတယ်။ ကျွန်တော်တို့ဘက်က ၁ ဦးကျတယ်။ နောက်ထပ် ၁ ဦးဒဏ်ရာရတယ်။ လက်နက်တွေ သိမ်းဆည်းရမိတယ်”လို့ CNF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ထန်တလန်မြို့မ ရဲစခန်းသိမ်းပိုက်ပြီးနောက် ယနေ့၊ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် လုံလဲတပ်စခန်းအဟောင်းကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်နေကြောင်းမျက်မြင်ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ချင်းကာကွယ်ရေတပ်ဖွဲ့က ထန်တလန်မြို့၊ CB ဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လာနေကြောင်းဒေသခံများက ပြောကြားသည်။

“ ဖေဖော်ဝါရီ ၈ ရက်နေ့ နေ့လည်ပိုင်းမှာလည်း စစ်ကောင်စီက ထန်တလန်မြို့မှာ လေကြောင်းနဲ့ ၂ ကြိမ်လာရောက်ဗုံးကြဲသွားသေးတယ်။ လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူး။ ထန်တလန်မြို့တွင်းမှာတော့ ချင်းဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား နေ့တိုင်းလိုလိုတိုက်ပွဲဖြစ်ပွားနေတယ်”ဟု အသက် ၃၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးမှ ဆက်လက်ပြောဆိုသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့အပါအဝင် မြို့နယ် ၇ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် ထန်တလန်မြို့မရဲစခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။