ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်
စစ်ကောင်စီသည် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် စစ်သင်တန်းနှင့် ပစ်ခတ်မှု ဆိုင်ရာများကို အဓိကထား သင်ကြားပေးလာပြီး အဆိုပါအချက်သည် လိုအပ်ပါက စစ်မှုထမ်းခိုင်းရန် ကြိုးပမ်းလုပ်ဆောင်နေမှုဖြစ်သည်။ စစ်ကောင်စီသည် ၎င်းတို့၏ အာဏာ တည်မြဲရေးအတွက် အသေခံတိုက်ပေးရန် Non CDM များဘက်သို့ မြားဦးလှည့်လာသည့် သဘောဖြစ်သည်ဟု CDM ဗိုလ်ကြီး ဗစ်တာက ဧရာဝတီတိုင်းမ် သတင်းဌာနကို ပြောကြားသည်။
“စစ်တပ်ဟာ စစ်မျက်နှာအသီးသီးမှာ တပ်အင်အား ပြုန်းတီးလာတာကို ပြန်ဖြည့်ဖို့ အရေးတကြီး လိုအပ်နေတယ်။ ဒါပေမယ့် ပြန်ဖြည့်စရာ စစ်တပ်ထဲ ရဲဘော်သစ် အဝင်မရှိသလောက် ဖြစ်နေတယ်။ ဒီတော့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တစ်စု အတွက် အောက်ခြေမှာ အသေခံတိုက်ပေးဖို့ Non CDM တွေဘက် မျှားဦးလှည့်လာတဲ့ သဘောပါပဲ” ဟု CDM ဗိုလ်ကြီး ဗစ်တာက ဆိုသည်။
အစိုးရ၀န်ထမ်းများကို စစ်ပညာ သင်ပေးခြင်းသည် ယခင်ကတည်းကရှိသည့် စနစ် တစ်ခုဖြစ်သော်လည်း ဝန်ထမ်းများသည် အာဏာသိမ်း စစ်ကောင်စီ၏ အရန်အင်အား မဟုတ်ဟု CDM ဗိုလ်ကြီး ခန့်ကို(Captain Zero)က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“စကစ(စစ်ကောင်စီ)အနေနဲ့ အခုလိုမျိုး သတင်းထုတ်ရတဲ့ ရည်ရွယ်ချက်က Non- CDM တွေအနေနဲ့ ကြားနေခွင့်မရှိဘူး။ သူတို့(စကစ)ကိုပဲ အကြွင်းမဲ့ထောက်ခံရမယ်လို့ ပြောလိုက်တာနဲ့အတူတူပါပဲ။ စကစ အနေနဲ့ သူတို့အာဏာတည်မြဲဖို့အတွက် ဘယ်လို အဖွဲ့အစည်းကိုမဆို အသုံးချဖို့ ဝန်မလေးဘူးဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ နောက်ဆက်တွဲ ကတော့ ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်တော့ မထင်ဘူး။ အခုအချိန်ထိ စကစ လက်အောက်မှာ တာဝန်ထမ်းဆောင်ပေးနေကြသူ အများစုက စကစကို တစ်နည်း မဟုတ်တစ်နည်းနဲ့ ထောက်ခံနေကြသူတွေဖြစ်လို့ သူတို့ခိုင်းတဲ့ အတိုင်းပဲ လုပ်ကြမယ် လို့ထင်တယ်” ဟု Captain Zero က သုံးသပ်သည်။
အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အရေးပေါ်ကာလ ၆ လသက်တမ်း ထပ်တိုးအာဏာ ယူလိုက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာကာ အကြမ်းဖက် လုပ်ရပ်များနှင့် စစ်ကြောင်းထိုးမှုများ ပိုမိုပြုလုပ်ရန် စတင်လိုက်သည်။
“သူတို့(စစ်ကောင်စီ)က အခုဘယ်သူတွေကို ထုတ်သုံးနေသလဲဆိုတော့ စစ်မှု ထမ်းဟောင်းတွေ၊ စစ်သားတွေရဲ့ သားမယားတွေ၊ ရဲတွေရဲ့ သားမယားတွေကို ထုတ်သုံးတယ်။ နောက်ပြီး ပျူစောထီးတွေကို ထုတ်သုံးတယ်။ နင်လားငါလားဖြစ်လာပြီ။ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီဆိုရင်တောင် သူတို့က(စကစ) နောက်ဆုတ်မှာမဟုတ်ဘူးဗျ။ နောက်မဆုတ်ဘဲ ဝန်ထမ်းတွေကို ပုံသဏ္ဌာန်မျိုးစုံနဲ့ ထုတ်သုံးကောင်း ထုတ်သုံး လာနိုင်တယ်။ ပြည်သူ့စစ်ရဲ့ ခေါင်းဆောင်တွေအဖြစ်နဲ့ပေါ့။ အဲဒီလိုတွေ လုပ်လာနိုင် တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရိန္နမာခန်းမတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့အစည်းအဝေး အမှတ် ၁ / ၂၀၂၂ တွင် NUG ၊ CRPH နှင့် PDF တပ်များကို မနိုင်ကြောင်း စစ်ကောင်စီ လက်အောက်ခံ နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးက ထုတ်ဖော်ဝန်ခံ ထားသည်။
“မနှစ်ကတည်းက ရဲတွေနဲ့ ယာဉ်ထိန်းရဲတွေကို တိုက်ပွဲအဖြစ်များတဲ့ နေရာတွေကိုပို့လို့ ထွက်ပြေးကြတာတွေရှိပါတယ်။ နဂိုကတည်းက အဲ့ဒီကောင်(စကစ)တွေ လက်အောက်မှာ မနေချင်တာတောင် ဒီလိုလုပ်နေ တာဆိုတော့ နောက်ဆုံး စစ်မှုတကယ်ထမ်းရမှ ထွက်ပြေးကြလိမ့်မယ်” ဟု CDM ဗိုလ်ကြီး သစ်လွင်(အမည်လွှဲ)က ဆိုသည်။