ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်

နေပြည်တော်ရှိ စစ်ရုံးချုပ်လက်အောက်မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ အရာရှိချုပ်ရုံး (စရခ) မှ တပ်ကြပ်ကြီးစာရေး အမျိုးသမီး ၂ ဦးမှာ စစ်ကောင်စီ၏ အချက်အလက်များယူဆောင်၍ထွက်ပြေးသွားသဖြင့် စစ်ကောင်စီက ၎င်းတို့၏ကိုယ်ရေးအချက်အလက်များကို ပြည်နယ်နှင့်တိုင်းအားလုံးဖြန့်ဝေကာ အပူတပြင်း ရှာဖွေမှုများဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

စရခရုံးတွင် တာဝန်ထမ်းနေသူ အမျိုးသမီးတပ်ကြပ်ကြီးစာရေး ၂ ဦးမှာ ဖေဖော်ဝါရီလ လဆန်းပိုင်း လစာထုတ်ပြီးချိန်တွင် နေပြည်တော်မှ ထွက်ပြေးသွားသဖြင့် ၎င်းတို့အား လိုက်လံရှာဖွေရန်၊ ဖမ်းမိပါက နေရာတွင် သတ်ပစ်ရန်နှင့် PDF ကို ထောက်ပို့လုပ်သဖြင့် သတ်ဖြတ်သည်ဟု အကြောင်းပြရန် စစ်ခေါင်းဆောင်များက အောက်ခြေသို့ နှုတ်မိန့်ဖြင့် ညွန်ကြားထားကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံမှ သိရသည်။

“အဲဒီတပ်ကြပ်ကြီးစာရေး အမျိုးသမီး ၂ ယောက်က စရခရုံးက အချက်အလက်တွေယူပြီး ထွက်ပြေးတာ။ ရုံးတက်ဖို့ဆက်သွယ်တာကို အကြောင်းမပြန်ဘူး။ ပြန်မလာဘူး။ ပြေးတာက အခုဆို တပတ်ကျော်ပြီ။ အဲ့တော့ သူတို့အချက်အလက်တွေကို ပြည်နယ်နဲ့တိုင်းကို အကုန် ဖြန့်ထားတယ်။ စရဖ (စစ်ဖက်ရေးရာထောက်လှမ်းရေးအဖွဲ့) တွေလည်း အပူတပြင်းကို လိုက်ရှာနေတယ်။ သူတို့ကိုမိရင် မိတဲ့နေရာမှာသတ်ပစ်လိုက်၊
သတ်ပြီးရင် PDF ကို ထောက်ပို့လုပ်ပါတယ်ဆိုပြီး အကြောင်းပြလိုက်လို့ နှုတ်မိန့်နဲ့မှာထားတယ်”ဟု နေပြည်တော် စစ်ရုံးချုပ်နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

နေပြည်ဗတာ်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့အရာရှိချုပ်ရုံး (စရခ) တွင် ဌာနကြီး ၆ ခုရှိပြီး ထွက်ပြေးသွားသူ အမျိုးသမီး တပ်ကြပ်ကြီးစာရေး ၂ ဦးမှာ ထိပ်တန်းလျှို့ဝှက်အချက်အလက်များ ထိမ်းသိမ်းရာဌာနတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်း စစ်တပ်အသိုင်းအဝိုင်းထံက သိရသည်။

စစ်ကောင်စီတပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) မှာ ယခင် ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်သည့် တပ်မတော်ထောက်လှမ်းရေးအဖွဲ့(ကကလှမ်း)ကို ဖျက်သိမ်း၍ ၂၀၀၄ ခုနှစ်က အသစ်ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

စတင်ဖွဲ့စည်းစဉ်က ခေါင်းဆောင်မှာ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေဖြစ်သည်။ ၎င်းမှာ NLD အစိုးရ လက်ထက်တွင် ဒုသမ္မတ (၁)၊ စစ်အာဏာသိမ်းပြီးနောက် အငြင်းပွားဖွယ်ရာ ယာယီသမ္မတအဖြစ် လက်ရှိ ထမ်းဆောင်နေသူ ဖြစ်သည်။ လက်ရှိ စရခအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူမှာ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး (ကြည်း-၂၁၄၄၀) ဖြစ်သည်။

စခရရုံးကွပ်ကဲမှုအောက်တွင် အမှတ် (၁) စရဖအတတ်သင်ကျောင်း (ရေကြည်အိုင်)၊ အမှတ် (၂) စရဖ သင်တန်းကျောင်း (တပ်ကုန်း) ရန်ကုန်မြိုရှိ အမှတ် (၁) နှင့် အမှတ် (၂) စရဖအကူတပ်ခွဲများ၊ စစ်တိုင်းအလိုက် ဖွဲ့စည်းထားသည့် စရဖတပ်များအားလုံးနှင့် ရေကြည်အိုင်၊ ရွှေပြည်သာ၊ မန္တလေး(နန်းတွင်း) အပါအဝင် စစ်တိုင်းအလိုက်ဖွဲ့ထားသည့် စစ်ကြောရေးစခန်းများအားလုံး ပါဝင်သည်။

စရဖတပ်များမှာ ဒေသတွင်းရှိ စစ်ရေးသတင်း၊ တော်လှန်ရေးအင်အားစုများသတင်းနှင့် ထူးခြားဖြစ်စဉ်များအားလုံးကို စရခ ရုံးချုပ်သို့ သတင်းပို့ရပြီး တနိုင်ငံလုံးရှိ စစ်တိုင်းများ၌ဖွဲ့ထားသည့် စစ်ကြောရေးစခန်းများအားလုံး၌ တော်လှန်ရေးအင်အားစုများကို နည်းလမ်းပေါင်းစုံဖြင့် ညှဉ်းပန်းနှိပ်စက်၍ ရရှိလာသော သတင်းအချက် အလက်များကိုလည်း ရတခရုံးသို့ ပေးပို့ရသည်။

အဆိုပါ ထောက်လှမ်းရေးသတင်းများကို အရေးကြီးမှုအဆင့်အတန်းအလိုက် စရခအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးက စစ်ခေါင်းဆောင်များထံ အစီရင်ခံတင်ပြနေခြင်း ဖြစ်သည်။

“စရခရုံးဆိုတာက တနိုင်ငံလုံးက စရဖတပ်တွေက သတင်းပို့အစီရင်ခံရတဲ့နေရာ။ ဒါ့အပြင် စစ်ဆင်ရေး သတင်း၊ တိုက်ပွဲသတင်း၊ ရန်သူ့သတင်းအကုန်လုံးကို စုဆောင်းပြီး စစ်ခေါင်းဆောင်တွေဆီ အစီရင်ခံရတဲ့ဌာန။ အခု တပ်ကြပ်ကြီးစာရေး အမျိုးသမီး ၂ ဦးလက်ထဲကို အရေးကြီးဖိုင်တွေပါသွားပုံရတယ်။ ဒါကြောင့်မို့ တွေ့တဲ့နေရာပစ်သတ်ဆိုပြီး နှုတ်မိန့်နဲ့ကို မှာလိုက်တာဖြစ်မယ်”ဟု လွတ်မြောက်နယ်မြေရောက် CDM ဗိုလ်ကြီးတစ်ဦးက သုံးသပ်ပြောဆိုသည်။