ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်
အာဏာသိမ်းစစ်ကောင်စီ၏ ရဟတ်ယာဉ်များကို ဟန့်တားနိုင်သည့်လက်နက်တချို့ ပိုင်ဆိုင်ထားပြီး ဂျက်တိုက်လေယာဉ်တွေ ဟန့်တားနိုင်သည့်လက်နက်များရရှိဖို့ ဆက်လက်ကြိုးပမ်းနေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့က အွန်လိုင်းမှပြုလုပ်သည့် နိုင်ငံတကာရောက် မြန်မာများနှင့် NUG အစိုးရတာဝန်ရှိသူများ တွေ့ဆုံသည့် “ပြည်သူ့ခုခံတော်လှန်စစ် ၂ နှစ်ပြည့် မေးကြမယ် ဖြေကြမယ်” အစီအစဉ်တွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ရန်သူရဲ့ ထောက်ပို့အဖြစ်ရော တိုက်ခိုက်ရေးအဖြစ်ရော သုံးနေတဲ့ ရဟတ်ယာဉ်တွေကို ဟန့်တားနိုင်ဖို့ ထိုက်သင့်တဲ့ စစ်လက်နက်ပစ္စည်းတချို ကိုင်တွယ်အသုံးပြုနိုင်နေပါပြီ။ တချိန်တည်းမှာ ဂျက်တိုက်လေယာဉ်တွေကို ဟန့်တားနိုင်မယ့်လက်နက်မျိုးတွေ ဆက်လက်ရရှိဖို့ကိုလည်း ဆက်လက် ကြိုးစားဆောင်ရွက်နေပါတယ်”ဟု NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က အဆိုပါ တွေ့ဆုံပွဲတွင် ပြောဆိုသည်။
အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် မြေပြင်၌ PDF ရဲဘော်များကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိသဖြင့် လေကြောင်းကိုသာ အဓိကအားပြု တိုက်ခိုက်နေရကြောင်း၊ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လေကြောင်းဆိုင်ရာ သတင်းအချက်အလက်များ ရရှိရေးနှင့် သတင်းများ ဖြန့်ဝေနိုင်ရေး ဆောင်ရွက်နေသည်ဟု ဝန်ကြီးဦးရည်မွန်က ဆိုသည်။
ထို့ပြင် စစ်ကောင်စီ၏ လေယာဉ်ဆီရရှိနေသည့်လမ်းကြောင်းများကို ဖြတ်တောက်ရန် ကြိုးပမ်းနေပြီး စစ်ရေးမဟာဗျူဟာနှင့် စစ်ရေးစီမံချက်ရေးဆွဲမှုကို ကာကွယ်ရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ညှိနှိုင်းရေးဆွဲထားကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံတဝှန်း၌ PDF တပ်ရင်းပေါင်း ၃၀၃ ရင်းအထိ ရှိနေပြီး မြန်မာပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းစစ်ဒေသများတွင် စစ်ဒေသမှူးများ တာဝန်ယူကာ စစ်ရေးဆောင်ရွက်မှုများ ပြုလုပ်ထားနိုင်ပြီဖြစ်ကြောင်း NUG အစိုးရက ပြောသည်။
ဓာတ်ပုံ-ပုံဟောင်းဖြစ်သည်။