ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အရပ်သား အသွင်ယူထားသည့် စစ်ကောင်စီတပ် ထောက်လှမ်းရေး ၃ ဦးကို ယောတော်လှန်ရေးတပ် YRA (ထီးလင်း)မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက ထီးလင်းအဖွဲ့၏ စစ်ရေးဂိတ်တစ်ခုတွင် မသင်္ကာဖွယ်ရာ လူ ၃ ဦးကို တွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ ထီးလင်း တပ်မ (၅၅)မှ စစ်ကောင်စီတပ်ဖွဲ့၀င်များဖြစ်ကြောင်း သိရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“စစ်ဆေးရေးဂိတ်မှာ သေချာစစ်ဆေးဖို့ မှာထားတာ။ လူစိမ်းဆိုရင်သေချာစစ်ဆေးဖို့။ သူတို့ ၃ ယောက်ကိုသတင်းရလို့ စစ်ဆေးရေးဂိတ်က ရဲဘော်တွေက သွားရှာတော့ ရှာတွေ့တာပါ။ စမေးတော့ မိန်းမခိုးပြေးလာတာ ဆိုပြီး လိမ်‌ဖြေတယ်။ ပြီးမှ တပ်မ (၅၅)ကဆိုတာ သိရတာ” ဟု Yaw Revolution Army-ထီးလင်းတာ၀န်ခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ် ခမရ(၅၅)သည် ထီးလင်းမြို့နယ်ရှိ သရခါ၊ ထန်းပင်ကုန်း၊ တောရောင်း၊ ကျားခဲ၊ ပါးမျဉ်း စသည့်‌ကျေးရွာများတွင် ရိက္ခာအတွက် ပစ္စည်းများ မကြာခဏ ၀င်လုသည့် တပ်ရင်း ဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦး ထံကသိရသည်။

ယောတော်လှန်ရေးတပ်ဖွဲ့(ထီးလင်း)မှ ၎င်းတို့ကို ဖမ်းဆီးစစ်ဆေးပြီးနောက် ကြိုးဖြည်ပေးရာတွင် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာတွင် သေဆုံးသွားကြောင်း စစ်ဦးစီး သခင်ဇော်မှ အတည်ပြုပြောကြားသည်။

“သူတို့ကို ဖမ်းဆီးပြီးတော့ ကောင်းကောင်းမွန်မွန်ပဲပြောတာ။ ငါတို့ကို ကြောက်စရာ မလိုဘူး။ ကြိုးဖြည်ပေးမယ် ထွက်မပြေးနဲ့ဆိုပြီး သဘောတူညီချက်ယူပြီး ထမင်းကျွေး အေးဆေးနေဖို့ ပြောတာ။ ထွက်ပြေးကြတာ။ အဲဒီမှာ ပစ်ပြီးဖမ်းဆီးခဲ့ရတယ်”ဟု သခင်ဇော်က ဆိုသည်။