ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်

ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတချို့တွင် PDF ကို ထောက်ပံ့နေသည်ဟု ဆိုကာာ ပြည်သူများအား ဖုန်းနံပါတ်စိမ်းများဖြင့် ဆက်သွယ်ပြီး ခြိမ်းခြောက် ငွေညှစ်မှုများ ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့ ကြည့်မြင့်တိုင် မြို့နယ်မှ အမျိုးသမီး တစ်ဦးက“ကျွန်မဆီ ဖုန်းနံပါတ် အစိမ်းနဲ့ ဝင်လာတယ်။ ကျွန်တော်က ထောက်လှမ်းရေးတပ်က ဗိုလ်ကြီးပါလို့ ပြောတယ်။ အစ်မက PDF ကို ထောက်ပံ့နေတယ်ဆိုပြီး သတင်းအတိအကျနဲ့ ကျွန်တော်တို့ဆီ တိုင်ထားတယ်၊ အစ်မ အိမ်လိပ်စာ အတိအကျလည်း ရထားပြီဆိုပြီး ခြမ်းခြောက်တယ်။ ငွေညှစ်ချင်တဲ့ သဘောလို့ ထင်တယ်။ ကျွန်မက ဘယ် PDF ကိုမှ ထောက်ပံ့ တာမရှိဘူး ဆိုတော၊့ ကျုပ်တို့ သတင်းက တိကျတယ်၊ ခင်ဗျားကို လာဖမ်းလို့ရတယ်လို့ ပြောတယ်။ လာဖမ်းပါ။ အိမ်လာရင် ရှင်တို့ကို ကော်ဖီတောင် ဖျော်တိုက်မယ် ပြောပစ်လိုက်တော့ မကြောက်မှန်းသိတော့မှ ဖုန်းချသွားတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ မန္တလေးမြို့တွင်လည်း ယခုရက်ပိုင်းအတွင်း နေအိမ်နှင့် ဈေးဆိုင် တချို့အား စာပစ်၍ PDF, UG အယောင် ဆောင်ကာ ခြိမ်းခြောက် အလှူငွေ ကောက်ခံမှုများ ရှိနေကြောင်း၊ ငွေလွှဲသူများကိုလည်း PDF ကို ထောက်ပံ့သည် ဟု ဆိုပြီး ထောင်ဖမ်း ငွေညှစ်မှုများ ရှိနေကြောင်း Special Task Force – Mandalay အဖွဲ့က ဖေဖော်ဝါရီ ၇ ရက် ညပိုင်းတွင် အသိပေး ထုတ်ပြန်ကြေညာထားသည်။

“ကျွန်ုပ်တို့ UG အဖွဲများသည် ပြည်သူလူထုထံမှ အတင်းအကြပ်ငွေညှစ် ခြိမ်းခြောက်စာထုတ်၍ အလှူခံခွင့်မရှိပါ။ ယင်းဖြစ်စဉ်နှင့် ပက်သက်၍ မိမိတို့ မန္တလေး UG အဖွဲများမှ လုပ်ဆောင်ခြင်း မရှိကြောင်းနှင့် မည်သည့်အခါမှ အတင်းအကြပ် ခြိမ်းခြောက်ကာ အလှူခံမည် မဟုတ်ကြောင်း အသိပေးကြေညာအပ်ပါသည်”ဟု Special Task Force -Mandalay အဖွဲ့က ထုတ်ပြန် ပြောဆိုထားသည်။

ဆက်လက်ပြီး“မိဘပြည်သူများအနေဖြင့် မိမိ အိမ်/ဆိုင်အား စာပစ်ခံရလျှင် မကြောက်ကြဘဲ ထိုသို့သော လုပ်ရပ် အပြုအမူ များအား မန္တလေး UG အင်အားစုများမှ လုံးဝပြုလုပ်မည် မဟုတ်ကြောင်းပါ အတိအလင်း ကြေညာအပ်ပါသည်”ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧရာဝတီတိုင်း မအူပင်မြို့နယ်နေ အမျိုးသား တစ်ဦးကလည်း“ဒီနေ့လယ်မှာ တယ်လီနော ဖုန်းနံပါတ်တစ်ခုနဲ့ ဆက်သွယ်လာတယ်။ အကြောင်းပြချက်က ပထမ သူတို့ရဲ့ အော်ပရေတာ ကနေပြီး ပရိုမိုးရှင်း ပေးတယ်ပေါ့။ ဘာပေးမယ် မပြောဘူး။ အစ်ကိုပါဝင်နေတဲ့အတွက် အစ်ကိုဖုန်းနံပါတ်ကို ဆက်သွယ် ပါတယ်ပေါ့ကွာ။ နောက်ထပ် မေးခွန်းအနေနဲ့ ဆက်ပြောတာက အစ်ကိုနေတဲ့နေရာ အတိအကျ ပြောပေးပါလို့ ပြောတယ်။ ကိုယ့်အနေ့နဲ့ တည်နေရာ ပြောမပြနိုင်ကြောင်း ပြန်ပြောတော့ ဘာအခက်အခဲကြောင့်လည်း ဖြစ်နိုင်ရင် နေရာ အတိအကျလေး ပြောပေးပါပဲ ဆက်ပြောတယ်။ (ဥပမာ လုံခြုံရေး အတွက် အပြည့်အဝ အာမခံပါတယ် ဆိုတဲ့ ကတိ ပါမလာဘူး) ဒါကြောင့် ကိုယ်လည်း ပြန်ပြောလိုက်တယ်။ ဘာအခွင့်အရေးမျိုးမှ စိတ်မဝင်စားဘူး။ နောက်မလိုအပ်တဲ့ မေးခွန်းမျိုး အရင်မေးလာတဲ့အတွက် နောက်ထပ်မည်သည့် မေးခွန်းကိုမဆို မဖြေနိုင်ဘူးလို့ ပြောလိုက်တော့ ဖုန်းချသွားပါတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

စစ်ကောင်စီက ဖုန်းအော်ပရေတာများမှ တဆင့် ပြည်သူလူထုထံ SMS ခြိမ်းခြောက်စာများ ပေးပို့ခြင်းများလည်း ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်မှစတင်၍ ပြည်သူလူထုထံသို့ စစ်ကောင်စီက ခြိမ်းခြောက်စာများဖြစ်သည့် “အကြမ်းဖက်အဖွဲ့ အစည်းများကို အားပေးရာရောက်သည့် ဂိမ်းကစားခြင်း၊ ကြော်ငြာ ထည့်သွင်းခြင်းနှင့် ထောက်ပံ့ခြင်းသည် ဥပေဒေအရ အရေးယူခံရ နိုင်သည် ်” ၊ “အကြမ်းဖက်မှုနှင့်ဆိုင်သော Post, Share, Like, Comment တင်ခြင်းများသည် ဥပဒေအရ အရေးယူ ခံရနိုင်ကြောင်း CCCT (အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုကော်မတီ) မှ အသိပေးအပ်ပါသည်”ဆိုသော SMS စာတိုများ ပေးပို့လာခြင်း ဖြစ်သည်။

တောင်သူလယ်သမား အကျိုးဆောင် တစ်ဦး ဖြစ်တဲ့ ဦးဇော်ရန်းကလည်း“အဲဒီလို ခြိမ်းခြောက်မှုတွေက တော်တော်များများ ကြားရတယ်။ ဖုန်းတွေနဲ့ ဆက်သွယ်ပြီး အလှူခံတာတွေက တစ်မျိုး၊ ခြိမ်းခြောက်တာက တစ်မျိုးပေါ့။ ကျွန်တော်တို့ ဇာတိမှာလည်း ခြိမ်းခြောက်တဲ့ပုံစံက တောဘက်မှာ တော်တော်များများ ကြားရတယ်။ သူတို့က စရဖ ဖြစ်ရင်ဖြစ်မယ်၊ စရဖက ကြိုးကိုင်ထားတဲ့သူတွေ ဖြစ်ရင်ဖြစ်မယ်၊ အခုပြောပြောနေတဲ့ ပျူစောထီး ဖြစ်ရင်ဖြစ်နေမယ်ပေါ့ဗျာ။ တပ်မတော် စစ်ထောက်လှမ်းရေး ဗျူဟာလည်း ဖြစ်ရင်ဖြစ်မယ်။ အယုံသွင်းပြီးသွားမှ သူတို့လိုချင်တဲ့ ပုံစံကို ခြိမ်းခြောက်တာ၊ ကိုင်တွယ်တာ ရှိတယ်”ဟု ပြောဆိုသည်။