ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းရရှိသည်။
အင်အား ၇၀ ခန့်ပါသည့် စစ်ကောင်စီတပ်အား နေ့လည် ၂ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ဂွေးကုန်းနှင့် ဝက်ပုတ် ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)ထံမှ သိရသည်။
” သူတို့က အဲ့လမ်းကို မိုင်းတွေရှင်းပြီးသွားကြတာဗျ၊ ကျွန်တော်တို့ကကြိုသိတော့ သူတို့ရှင်းတဲ့အချိန်ကို စောင့်ပြီး ပေပါမိုင်းနဲ့ မိုင်းသုံးလုံး နဲ့ဖောက်ခွဲတိုက်ခိုက်တာ နေရာမှာတင် ၂ ဦး သေတယ်၊ ဒီနေ့မနက် ထပ်သိရတာက နောက်ထပ်၂ယောက်သေတယ်လို့ကြာတယ်ဗျ၊ ဒဏ်ရာရတာက ၃ ဦး လောက်ရှိတယ်၊ သူတို့နဲ့ အပြန်လှန်ပစ်ခတ်မှုရှိခဲ့ပေမယ့် ကျွန်တော်တို့အဖွဲ့တွေက ထိခိုက်မှုမရှိခဲ့ပါဘူး”ဟု မြိုင်(ပကဖ)တာဝန်ခံ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် မြိုင်(ပကဖ)တပ်ဖွဲ့နှင့်အတူဘာမထီ လက်နက်ကြီးအဖွဲ့၊ ဇာမဏီသွေးအဖွဲ့၊ နှင်းဂွေးကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းမြိုင်(ပကဖ)အဖွဲ့ထံမှသိရသည်
မြိုင်မြို့နယ်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး အင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သေး တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
#Ayeyarwaddy_Times