ဧရာဝတီတ်ုင်းမ်
(ရေတာရှည်)၊ ဖေဖော်ဝါရီလ ၈ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စည်ပင်ကျေးရွာအုပ်စုအနီးသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ကို တောင်ငူခရိုင် PDFတပ်ရင်း ၃၅၀၁၊ တပ်ခွဲ (၄) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခြေလျင်စစ်ကြောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့ ည ၇နာရီဝန်းကျင်က ရှမ်းစု-စည်ပိုင်းကျေးရွာတွင်အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ပဲခူတိုင်း PDF သတင်းနှင့် ပြန်ကြားရေးထံက သိရသည်။
“စစ်ကြောင်းထိုးလာတဲ့တပ်ပါ။ ဒီဘက်ကိုခြေလျင်စစ်ကြောင်းထိုးလာတာ။ ရွာနား ရောက်တော့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ အင်အားက ၁၀၀ ဝန်းကျင်ရှိတယ်” ဟု ပဲခူးတိုင်း PDF သတင်းနှင့်ပြန်ကြားရေး ဝာာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်
မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများက အနီးပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံစွာဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
ရေတာရှည်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ (၄) တို့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ ဝန်းကျင်သေဆုံးခဲ့သည်။
ဓာတ်ပုံ – တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ တပ်ဖွဲ့ဝင်တချို့