ဧရာဝတီတိုင်းမ်
ဖေ‌ဖော်ဝါရီလ ၈ ရက်

မန္တလေးတိုင်း ၊ မြင်ခြံခရိုင် ၊ ငါန်းဇွန်မြို့နယ်တွင် ငါန်းဇွန်မြို့သာမှ ငါန်းဇွန်သို့ ထွက်လာသည့် စစ်ကောင်စီတပ်ကားကို ငါန်းဇွန် မဟာမိတ်အဖွဲ့များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ပွင့်ဗိုလ် အဆင့်ရှိသူ သေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ကားကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ငါန်းဇွန်မြို့ တောင်လယ်တော နှင့် ရွာသာလမ်းကြားတွင် တော်လှန်ရေးမဟာမိတ်ညီနောင်များမှ မဟာမိတ် စစ်ဆင်ရေးအဖြစ် ပဒေသာမိုင်း ၇ လုံးဆွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်း ၅ လုံးကွဲ၍ အသက်မွေးမြူရေး သင်တန်းကျောင်းမှ ဗိုလ်အဆင့်ရှိသူ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရက်နောက်ကျနေတာက စစ်ခွေး(စစ်ကောင်စီတပ်သား)သေစာရင်းစောင့်နေလို့ အသိမပေးသေးတာပါ။ ဗိုလ်ပါမှန်းသိလို့ သေချာအောင် စုံစမ်းနေလို့ပါ။ မနေ့က မိတ္ထီလာမှာ သင်္ဂြိုဟ်လိုက်တယ်ဗျ ” ဟု ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) အဖွဲ့ခေါင်းဆောင် ကိုရဲကြီးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုအား ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) ၊ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်း MNPDFMyitnge နှင့် AH NYAR SPECIAL DEFENSE FORCE တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။