ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများကို မီးတင်ရှို့နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ခြင်းမရှိဘဲ သီးနှံများပျက်စီးဆုံးရှုံးလျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုး၍ ပြည်သူများကို မတရားဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက်ပြုလုပ် နေသောကြောင့် စိုက်ထားသည့် သီးနှံပင်များ ပျက်စီးဆုံးရှုံးကာ စားဝတ်နေရေး ခက်ခဲမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။
“ကျွန်မတို့က စိုက်ပျိုးရေးလုပ်ပြီး စားဝတ်နေရေး ဖြေရှင်းနေရတာ။ အခုက စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကျွန်မတို့ရဲ့အိမ်တွေကို မီးရှို့ ၊ ရွာသား အချို့ကိုလည်း ဖမ်းဆီးပြီး မတရားလုပ်နေလို့ ကျွန်မတို့လည်း စစ်ဘေးရှောင်နေရတယ်။ သူတို့(စစ်ကောင်စီတပ်) မလာတော့ဘူးထင်လို့ ပြန်သွားပြီး ယာယီတဲလေးထိုး စိုက်ပျိုးရေး ပြန်လုပ်တော့လည်း အဲ့ဒီ ယာယီတဲတွေကိုပါ မီးထပ်ရှို့သွားကြတယ်။ အခုတော့ စိုက်ထားတဲ့အသီးနှံတွေကို မပြုစုနိုင်တော့ အကုန်လုံးဆုံးရှုံး နေရတယ်” ဟုရွာသစ်ကျေးရွာနေ အသက်၃၀ကျော် ဒေသခံအမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီတပ်များက ပြည်သူပိုင်နေအိမ်များ မီးရှို့ဖျက်ဆီးရာတွင် ကျေးရွာရှိအိမ်မွေး တိရိစ္ဆာန်နှင့်နွားများမှာလည်း မီးလောင်ခံထားရ၍ ထွန်ယက်စိုက်ပျိုးရန် လွန်စွာ ခက်ခဲ လျက်ရှိကြောင်း ခင်ဦးအနောက်တောင်ခြမ်းရှိ ဒေသခံများထံက သိရသည်။
“သူတို့(စစ်ကောင်စီတပ်)က ကျွန်တော်တို့ရွာတွေနဲ့ အနီးအနားကအခြားရွာတွေကို ပတ်ပြီး မီးရှို့နေတာဗျ။ ကျွန်တော်တို့လည်း ကလေးတွေခေါ် စောင်၊ ခြင်ထောင်နဲ့ လိုအပ်တာလောက်ပဲယူပြီး ပြေးရတာပေါ့။ ကျန်ခဲ့တဲ့ နွားအပါဝင် အိမ်မွေး တိရိစ္ဆာန်တွေလည်း မီးထဲပါကုန်တယ်။ စိုက်ပျိုးရေးအတွက် တအားကို ခက်ခဲသွားပြီ” ဟု ခင်ဦးမြို့နယ် ဗျိုင်းကြိုင် ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ခင်ဦးမြို့နယ် အနောက်ခြမ်းသည် မြေဆီကောင်းမွန်ပြီး ၁၂ လရာသီ နီးပါး စိုက်ပျိုးနိုင်သော နေရာများဖြစ်၍ ဒေသခံအများစုသည် ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ခရမ်းသီး ၊ ငရုတ်၊ ကြက်သွန်၊ ကွမ်း အစရှိသည်တို့ကို စိုက်ပျိုး၍ မှီခိုနေရသည့် ဒေသဖြစ်သည်။
ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းမှ ဒေသခံများသည် ရေဦးမြို့နယ်သို့ အသီးအနှံများ သွားရောက်ရောင်းချခြင်း၊ စစ်ရှောင်ရခြင်းများရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့ထံက သိရသည်။
“ကျွန်တော်တို့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူတွေက ရေဦးကို ကူးဖို့ ကိုယ်ထူကိုယ်ထ ဝါးတံတားလေး ဆောက်ပေးထားတာကို စစ်ကောင်စီတပ်တွေက နှစ်ကြိမ် မီးရှို့ ဖျက်ဆီးသွားတယ်ဗျ။ ဒီကောင်တွေက သူတို့(စစ်ကောင်စီတပ်)ဂိတ်ချထားတဲ့ နေရာ ကနေ သွားစေချင်လို့လုပ်တာ။ သူတို့ဂိတ်က သွားတော့လဲ ဆက်ကြေးကောက် မတရား ဖမ်းဆီးတာတွေလုပ်နေတော့ ဒေသခံတွေက မသွားရဲကြဘူး” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးနှင့်ဒေသကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ခင်ဦးမြို့နယ်တွင် စိုက်ပျိုးမြေ စုစုပေါင်း ၂သိန်းကျော်ရှိပြီး ယာမြေသည်ဧက တစ်သိန်းကျော်ရှိကာ လယ်မြေသည် ဧကပေါင်း ၉သောင်းကျော်ရှိ သည်။