ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်
စစ်ကိုင်းမြို့၊ ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ထွက်လာသည့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Moe Nyo Revolution Force – M.N.R.F အဖွဲ့ထံက သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်နေ့က ညောင်ပင်ဝန်းရွာ ရဲစခန်းအတွင်းမှ ခြေလျင် ထွက်လာသည့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရဲခွေးတွေက မနက်ခင်းတိုင်း မူးပြီးကားတွေကို ပိုက်ဆံကောက်တယ်ဗျ။ လက်ရှိအခြေနေမှာတော့ စခန်းထဲမှာ ခွေးအင်အား အများအပြားရောက်နေတယ်။ ပတ်ပတ်လည် ကင်းပုန်းဝပ်နေတယ်။ လှုပ်ရှားမှုကတော့ စောင့်ကြည့်ဆဲဗျ” ဟု Moe Nyo Revolution Force – M.N.R.F အဖွဲ့ခေါင်းဆောင် မိုးညိုက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ ရဲများ အခင်းဖြစ်ပွားရာနေရာတွင်ပင် ဒဏ်ရာရ သေဆုံးခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ PDF ပူးပေါင်းတပ်ဖွဲ့များက ၄၀-မမ လေးလုံး၊ ၆-မမ နှစ် လုံး၊ ၈၀-မမ နှစ် လုံးတို့ဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Moe Nyo Revolution Force – M.N.R.F ၊ Local Defence Force Brotherhood of Dragon နှင့် ဒေါင်းစစ်သည် Sagaing Region People’s Defence Force ညီနောင် ၃ ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။