ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လေယာဉ်ကွင်းအနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းက လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားထံမှ မတော်တဆ ကျည်ထွက်၍ တက္ကသိုလ်ကျောင်းသားတစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိကာ အထိတ်တလန့်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည ၇ နာရီအချိန်ခန့်က စစ်ကောင်စီတပ်သား ၂ ဦးလုံခြုံရေးယူထားသည့် လေယာဉ်ကွင်းအနီးရှိ မိတ္တူဆိုင်သို့မိတ္တူကူးရန်လာသည့် တက္ကသိုလ်ကျောင်းသားကို ကျည်ဆံထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်များ၏ ပြောဆိုချက်အရသိရသည်။
“အခင်းဖြစ်တဲ့နေရာမှာ စစ်သား ၂ ဦးလုံခြုံရေးယူထားတာ။ ဒဏ်ရာရတဲ့ ကောင်လေးက အရပ်ရှည်ရှည် ခန္ဓာပိန်ပိန်လေးနဲ့ စာရွက်စာတမ်းတွေကို မိတ္တူလာကူးတာထင်တယ်။ အဲ့ဒီအချိန်မှာ ခလုတ်ဖိမိသွားတဲ့အတွက် ကောင်လေးကို သွားထိတာ။ ပေါင်မှာဒဏ်ရာ ရသွားတယ်။ ပစ်သံကြားတော့ အနီးအနားက လေယာဉ်လက်မှတ် အရောင်းဆိုင်တွေ ရော၊ ဘီယာဆိုင်တွေရော၊ မိတ္တူဆိုင်ပါ အကုန်ပိတ်လိုက်ကြတယ်။ လူတွေလည်း အထိတ်တလန့်ဖြစ်ကုန်တာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်တွေဒေသခံ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒဏ်ရာရသည့်လူငယ်အား အဆိုပါနေရာအနီးရှိ စစ်တပ်တွင်းသို့ ခေါ်ယူသွားပြီးနောက် စစ်ဆေးရုံသို့ ကားဖြင့် ထပ်မံပို့ဆောင်ခဲ့ကြောင်း သိရသည်။
” အပစ်ခံရတဲ့ ကောင်လေးက သတိမေ့သွားတော့ အဲ့ဒီနေရာအနီးအနားမှာ တပ်စွဲထားတဲ့ စစ်တပ်ခြံထဲကို ထမ်းယူသွားတယ်။ ခဏနေတာနဲ့ စစ်တပ်က ကားနဲ့ပဲ စစ်ဆေးရုံကို ခေါ်သွားတယ်။ ကျွန်တော်တို့ စုံစမ်းသိရသလောက်တော့ ကောင်လေးက မကျည်းမြိုင် ရပ်ကွက်ထဲမှာနေတာလို့ပြောတယ်။ နယ်ကနေ Day လာတက်တဲ့ကျောင်းသားလို့လည်း သိရတယ်။ အသေးစိတ်ကတော့ စုံစမ်းလို့မရသေးဘူး။ လူနာကလည်း စစ်ဆေးရုံမှာ ဆိုတော့ ဘာသတင်းမှမကြားရဘူး” ဟု ယင်းက ဆက်လက်ပြောကြားသည်။
ယမန်နေ့က စစ်တွေမြို့ လေယာဉ်ကွင်းအနီးပတ်ဝန်းကျင်နှင့် မေယုလမ်းတစ် လျှောက်လုံးတွင် စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားသည်ကို တွေ့ရှိရကြောင်း ဒေသခံများထံက သိရသည်။