ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်

ဧရာဝတီတိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ် ပြောင်းရွှေ့တာဝန်မထမ်းဆောင်ချင်တာကြောင့် အထက်အဆင့်ဆင့်ကို ငွေသိန်းနဲ့ချီပြီ လာဘ်ထိုးနေရတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းကနေသိရပါတယ်။

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ကို အပြောင်းရွှေ့ပါမှာဆိုးတာကြောင့် ငွေကြေးတက်နိုင်တဲ့ ရဲတပ်ဖွဲ့ဝင် အများစုဟာ ရေး ၁ ဌာနစိတ်ကို နှစ်အလိုက် အနေကြာမှုကြီးစဉ်ဆွဲတာမှာ မပါဝင်ဖို့အတွက် အနည်းဆုံး ငွေ ၁၀ သိန်း လာဘ်ထိုးနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

“ အဆင့်ဆင့် လာဘ်ထိုးရတာပေါ့၊ စခန်းကသူဆိုရင် မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့်ပေးရတယ်၊ တချို့ကတော့ တိုင်းကို သွားညှိပြီး တစ်ခါထဲပေးလိုက်တာမျိုးလည်းရှိတယ်၊ ဘယ်လိုလူမျိုးတွေ အများဆုံး ပေးနိုင်လဲဆိုတော့ ခုဆို ဒုစရိုက်နှိမ်နင်ရေးအဖွဲ့ဆိုပြီး မြို့နယ်၊ ခရိုင်တွေမှာရှိတဲ့ အဲ့က သူတွေက အများဆုံး ပေးနိုင်တာပေါ့၊ ပြီးရင်တော့ စခန်းက နယ်ထိန်းတွေပေးနိုင်တာပေါ့”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ရခိုင်ကို မပြောင်းချင်လို့ အဆင့်ဆင့်ကို လာဘ်ထိုးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အနေကြာတဲ့ သက်တမ်း အလိုက် ကြီးစဉ်ဆွဲတာဟာ ၅ ကြိမ်လောက်မှာ ၁ ကြိမ်လောက်သာ ပါဝင်လေ့ရှိတာကြောင့် ခုလိုမျိုး လာဘ်ထိုး တဲ့စနစ်ဖြစ်လာတာလို့ ဆိုပါတယ်။

လာဘ်မထိုးနိုင်တဲ့ ရဲတပ်ဖွဲ့ဝင်အများစုကတော့ ဧရာဝတီတိုင်းမှာ အနေကြာတဲ့ နှစ်မပြည့်သေးပေမယ့် စောပြီး ရခိုင်ပြည်နယ်ကို ပြောင်းရွှေ့ရတာမျိုးတွေလည်း ရှိတယ်လို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းက သိရပါတယ်။