ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက် ကျေးရွာအုပ်စု ဒါးလက်အနောက်ရွာက လူငယ်တစ်ဦး ဖေဖော်ဝါရီလ ၆ ရက်နေ့က မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားကာ အရေးပေါ် ဆေးရုံတင်ထားရကြောင်း သိရသည်။
ဒဏ်ရာရရှိသူမှာ မောင်ဆန်းကြည် အသက် ၁၈ နှစ် ဖြစ်ပြီး ယမန်နေ့ မနက် ၁၁နာရီကျော်က သီဟိုခြံအတွင်းသို့ သွားစဉ် မြေမြှုပ်မိုင်း ပေါက်ကွဲကာ ဒဏ်ရာရသွားခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းကသူက သူတို့ပိုင်တဲ့ သီဟိုခြံကို ရှင်းဖို့သွားတာ။ ခြံထဲမှာသွားနေတုန်း ကျောက်တုံးကြီး တစ်တုံးတွေ့လို့ နောက်လူတွေ သွားလာရင် ခလုတ်တိုက်ပြီး လဲမှာစိုးလို့ တောင်အောက်ကို လှိမ့်ချတာတဲ့။ အဲဒီအချိန်မှာ ကျောက်တုံး အောက်နားက မိုင်းက ထပေါက်ပြီး သူ့ကိုထိသွားတာဟု ပြောပြသည်။
မိုင်းပေါက်ကွဲမှုကြောင့် မောင်ဆန်းကြည် ဆိုသူမှာ ခြေ၊ လက်နှင့် မျက်နှာတစ်ခုလုံးတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပြီး ဒါးလက် တိုက်နယ်ဆေးရုံကြီး၌ အရေးပေါ်ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ဖြစ်ဖြစ်ချင်း အသံကြားတာနဲ့ လိုက်သွားတော့ လူကမှောက်နေပြီ။ အရေးပေါ် ဆေးရုံပို့လိုက်ရတာ။ အခုတော့ လူနာက သတိရနေပြီ။ မျက်နှာက ဒဏ်ရာပိုများတယ်။ မျက်လုံးတွေဘာတွေ ထိခိုက်မှု ရှိ၊ မရှိ ကိုတော့ လောလောဆယ် မသိရသေးဘူးဟုလည်း အထက်ပါ ဒေသခံက ဆက်ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ကာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား လူသားချင်း စာနာမှုဆိုင်ရာ နားလည်မှုသဘောဖြင့် အပစ်အခတ် ရပ်စဲထားသော်လည်း စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်း တို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများမှာ တနေ့ထက်တနေ့ ပိုတိုးလာနေသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှ ၅ တန်းကျောင်းသား တစ်ဦးမှာ ရွာအနီးရှိ တောင်တန်းသို့ ငှက်ကိုင်းထောင်ရန် သွားစဉ် ဗုံးသီးပေါက်ကွဲ၍ ပွဲချင်းပြီး သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ နေ့ကလည်း မင်းပြားမြို့နယ် ဖားပြိုကျေးရွာမှ အသက် ၅၉ နှစ်အရွယ် အမျိုးသားကြီး တစ်ဦးမှာ ရွာနှင့် ၂ ဖာလုံခန့် ဝေးသည့် တောင်ပေါ်သို့ သစ်ခုတ်ရန်သွားစဉ် မိုင်းနင်းမိ၍ ပွဲချင်းပြီး သေဆုံးမှု ဖြစ်ပွားခဲ့သည်။