ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုကားလမ်းမတွင် စစ်ကောင်စီဘက်မှ ယာဉ်နှစ်စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံးကြောင်း ပခုက္ကူခရိုင် တပ်ရင်း (၃) ထံမှ သိရှိရသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အဆိုပါလမ်းမ၊ ဆီဆိုင်ရှေ့အရောက်တွင် စစ်ကောင်စီတပ်မှ ယာဉ် ၂ စီးဖြင့်ရောက်ရှိလာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးမှပြောသည်။

” CR-V ကားနဲ့လာမယ်ဆိုတာ သတင်းအရ စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။ ကားတစ်စီးပေါ်က စစ်သားတွေတော့အကုန်သေတယ်၊ နောက်တစ်စီးပေါ်က ပျူခေါင်းဆောင်နဲ့ နှစ်ယောက်က ဆေးရုံရောက်မှသေတယ်လို့ သိရတယ်။ နောက်သေတဲ့ ၃ ယောက်က ပျူခေါင်းဆောင် အောင်နိုင်မိုးနဲ့အဖွဲ့ပါ။ လက်နက်တွေလည်း ရခဲ့တယ်”ဟု တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့၀င်ရဲဘော်တစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်အုပ်စုနှင့် ပျူအဖွဲ့၀င်များသေဆုံးခဲ့ပြီး ပျူအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းနှင့် ၁ ဦးသာ လွတ်မြောက်သွားကြောင်း သိရှိရသည်။

၎င်းတို့ထံမှ Carbine ၆ လက်၊ ကျည်ဘောက် ၆ ခု၊ ကျည် ၁၄၆ တောင့်၊ MA4 တစ်လက်၊ ကျည်ဘောက် ၅ ခု၊ 5.56 ကျည် ၉၄ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ 40MM ဗုံးသီး ၄ လုံး၊ ဖုန်း ၃ လုံးနှင့် ယာဉ်တစ်စီးတို့ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။

တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် (၃)တပ်ရင်းမှ ‌ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)၊ ပခုက္ကူခရိုင်ကွပ်ကဲရေးအောက်တွင် တာ၀န်‌ထမ်းဆောင်နေသည့်အဖွဲ့ဟုဆိုသည်။