ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်

ရခိုင်ပြည်နယ် ၊ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာ ဒေသခံအများစုတွင် ရေမသန့်ရှင်းမှု များကြောင့် အရေပြားရောဂါများဖြစ်ပွားနေကြောင်း သိရသည်။

သဲခုံကျေးရွာသည် ပင်လယ်ကမ်းခြေဒေသဖြစ်ခြင်းကြောင့် သောက်ရေများကို တခြားဒေသများမှ ဝယ်ယူသောက်သုံးကြရပြီး သုံးရေများကိုမူ မိမိကျေးရွာအတွင်း၌ပင် အဝီစိရေတွင်းများ တူးဖော်၍ သုံးစွဲကြသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇူလိုင်လအတွင်းက ရခိုင်ပြည်နယ်နေရာအနှံ့အပြားတွင် မုန်တိုင်း ပြင်းထန်စွာတိုက်ခတ်ခဲ့မှုကြောင့် မိုးကြီးရေလျှံကာ ပင်လယ်ဆားငံရည်များ ကျေးရွာရှိ ရေတွင်းများတွင် ဝင်ကျန်နေခဲ့ပြီး ထိုရေများကိုသုံးစွဲရသည့်အတွက် ယခုကဲ့သို့ယားနာများ၊ ဝဲနာများ စတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သဲခုံကျေးရွာမှ အုပ်ချုပ်ရေးမှူး ထံက သိရသည်။

“အရင်နှစ်တွေကဆို အဲ့ဒီတွင်းကရေကိုပဲသုံးတယ်။ သောက်ချင်ရင် သောက်လို့တောင် ရတယ်။ ဒါပေမဲ့ဒီနှစ်မိုးရာသီ ရေကြီးတော့ ဆားရည်တွေဝင်ကျန်ခဲ့ပြီး အခုလိုစဖြစ်တော့တာပဲ။ စစဖြစ်ခြင်း ယားယံလာတယ်။ ကုတ်တယ်၊ ပွားတယ်နဲ့ပဲ တကိုယ်လုံး အနှံ့ ဖြစ်လာကြတာ။ ပထမ တစ်ယောက်စ နှစ်ယောက်စကနေ တစ်ခြားလူတွေကိုပါ ကူးစက် လာတော့တာပဲ။ ကိုယ့်အိမ်က ကိုယ့်သားသမီးတွေဖြစ်နေရင် တအိမ်တည်းနေသူ တွေလည်း အကုန်ကူးကုန်တာပေါ့” ဟု သဲခုံကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးစိန်လှဦး က ဧရာ၀တီတိုင်းမ် သတင်းဌာနကို ပြောသည်။

သဲခုံကျေးရွာတွင် ကျေးလက် ကျန်းမာရေးဆေးပေးခန်း များမရှိသောကြောင့် ငွေကြေး တတ်နိုင်သူများအနေဖြင့် မြို့ပေါ်ဆေးခန်းများသို့ သွားရောက်ပြသနိုင်သော်လည်း ဆင်းရဲချို့တဲ့သူများမှာမူ ဆေးခန်းသို့သွားရောက်ပြသနိုင်ခြင်းမရှိ၍ ဆေးတောင့်များ ဝယ်ယူလိမ်းကျံ နေရကြောင်း သိရသည်။

“စစ်တွေထိသွားပြဖို့ကလည်း ခရီးစရိတ်ကကြီးတာတစ်မျိုး၊ ဆေးခန်းပြဖို့ ငွေမရှိတာက တစ်မျိုး အခက်အခဲတွေ အရမ်းများကြတယ်။ ငွေရှိတဲ့သူကတော့ မြို့ပေါ်က အရေပြား ဆရာဝန်တွေနဲ့ သွားပြလို့ရတာပေါ့။ ဒါပေမဲ့ ဒီရွာမှာက ကျွန်တော်တို့လို့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူက ပိုများတော့ရွာမှာရှိတဲ့ ဆေးတောင့်လေးတွေ ဝယ်ပြီးတော့ပဲ ကျံနေရတယ်။ သက်လည်းမသက်သာဘူး။ ကျွန်တော်တို့အိမ်မှာဆို တမိသားစုလုံး ဖြစ်နေကြတာ။ အပြင်ကိုတောင် သိပ်မထွက်ရဲတော့ဘူး။ ဒီထက်ပိုဆိုးလာမှာ ကြောက်နေတယ်” ဟုအရေပြားရောဂါ ခံစားနေရသည့် အသက် ၅၁နှစ်အရွယ် ဦးထွန်းတင်အောင် က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အလားတူ ကျောင်းသူ၊ကျောင်းသားများမှာလည်း ထိုသို့ဖြစ်ပွားနေကြသည့်အတွက် ကျောင်းသို့သွားရမည်ကို ရှက်ခြင်း၊ လူများသည့်နေရာသို့ သွားရမည်ကို စိုးရိမ်ခြင်း တို့ကြောင့် ကျောင်းမတက်ဘဲ နားထားရသူများ ရှိကြောင်း သိရသည်။

ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်တင်အေးကြည်က ” ကျွန်မမှာ သားနှစ်ယောက်နဲ့ သမီးတစ်ယောက် အရေပြားရောဂါဖြစ်နေတယ်။ အကုန်လုံး ကျောင်းတက်နေကြတဲ့ ကလေးတွေပါ။ သမီးကတော့ ဆေးလိမ်းလိုက် သက်သာလိုက်၊ ပြန်ပေါ်လိုက်နဲ့ ကျောင်းတော့တက်နိုင်တယ်။ သားနှစ်ယောက်ကတော့ အရမ်းများတဲ့အတွက် ကျောင်းနားထားရတာ ၁ လကျော်ပြီ။ ကလေးတွေပညာရေးထိခိုက်မှာကို စိတ်ပူတယ်” ဟုပြောသည်။

လက်ရှိတွင် အရေပြားရောဂါဖြစ်ပွားသူများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုပြန့်ပွားလာ နေသည့် အတွက် ကျန်းမာရေးတာဝန်ရှိသူများအနေဖြင့် အချိန်မီလာရောက်ကုသပေးရန် ရွာသူ/ ရွာသားများကတောင်းဆိုနေကြသည်။

“ဒီထက်ပိုဆိုးမလာခင် မြို့ပေါ်က အရေပြားနဲ့ပတ်သက်တဲ့ဆရာဝန်တွေ ကျန်းမာရေး စောင့်ရှောက်မှုတွေ လာပေးရင်တော့ပိုကောင်းတာပေါ့။ ရေကအရင်းအခံဆိုတော့ ရေသန့်ရှင်းအောင်လည်း အဓိကလုပ်ပေးစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ရေမသန့်ရှင်းရင် ဆရာဝန်တွေဘယ်လောက်ပဲကုပေး ကုပေး ပြန်ပေါ်လာမှာပဲ။ ဒါကြောင့် ရေကိစ္စကို အဓိက ဖြေရှင်းပေးကြဖို့လည်း မေတ္တာရပ်ခံချင်တယ်” ဟု အုပ်ချုပ်ရေးမှူး ဦးစိန်လှဦးက ဆိုသည်။

အိမ်ခြေ ၄၀၀ ကျော်ရှိသည့် သဲခုံကျေးရွာသည် စစ်တွေမြို့၏ တစ်ဖက်ကမ်းတွင်ရှိပြီး လူဦးရေ ၁၇၀၀ ကျော်နေထိုင်နေသည့် ကျေးရွာ တစ်ရွာဖြစ်သည်။