ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်
ပဲခူးတိုင်းအတွင်းရှိ စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် မြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ လက်နက်ချရန် စစ်ကောင်စီ တပ်က အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံရဲများသည် ဖေဖော်ဝါရီ ၅ ရက်မှစ၍ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် ထန်းတပင်၊ ပေါက်ခေါင်း၊ အုတ်ဖို၊ နတ်တလင်းနှင့် ပေါင်းတည်မြို့နယ်တို့တွင် ယခုကဲ့သို့ လိုက်လံကြေညာနေခြင်းဖြစ်ပြီး စစ်ကောင်စီ အနေဖြင့် နယ်မြေလက်လွတ်ရမည်ကို တွေးကြောက်နေခြင်းကြောင့် ဖြစ်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။
“၅ ရက်နေ့က ပဲခူးအနောက်ခြမ်းဘက်မှာ အော်ပြေးလုပ်သွားပါတယ်။ စစ်အုပ်ချုပ်ရေး က တနိုင်ငံလုံး ၂ နှစ်ပြည့်ပြီလေ။ ထိန်းတာတွေ၊ သိမ်းတာတွေက လျှာရိုးမရှိ လျှောက်ပြောနေတာ။ မအလက သမ္မတလည်း ရူးနေတော့ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင်လုပ်မှာမို့ ၂၀၀၈ စာအုပ်ကိုင်ပြီး အရူးမီးဝိုင်းနေတာ။ EROs နယ်မြေ မဟုတ်တဲ့နေရာ ဒေသတိုင်းတွေမှာ သူတို့ လက်လွတ်လိုက်ရမှာ တအား ကြောက်လန့်နေတာပါ။ သိပ်မပူပါနဲ့။ တော်လှန်ရေးက အတိုင်းအတာတစ်ခုပါပဲ။ စကစ သေချာပေါက် ရှုံးနိမ့်ထွက်ပြေးသွားမှာပါ” ဟု ပြည့်သူ့ ကာကွယ်ရေး(ရိုးမကျား)အဖွဲ့က ဧရာဝတီ တိုင်းမ်ကိုပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ လက်နက်ချရန် ပြောဆိုထုတ်ပြန်နေခြင်းသည် အာဏာသိမ်း စစ်ကောင်စီ၏ စိတ်ဓာတ်စစ်ဆင်ရေး တစ်ခုသာဖြစ်ပြီး PDF များအနေဖြင့် နောက်ဆုတ်ကြောက်ရွံ့သွားမည် မဟုတ်ဟု နိုင်ငံရေးလေ့လာသူ စစ်ကိုင်းဒေသခံ ဦးဝင်းဆွေက သုံးသပ်သည်။
“စစ်ကောင်စီဘက်က တစ်ခုပြီးတစ်ခု တိုးပြီးတော့ ဖိနှိပ်လာတယ်။ စစ်ပွဲတွေကို ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် သူတို့ဘက်က ထိုးစစ်ဆင်လာလိုက်တိုင်းလည်း ဒီဟာကို ဘယ်လိုကြံ့ကြံ့ခံပြီးတော့ ကိုယ့်အသက်ကို ဘယ်လိုရှင်သန်အောင် မွေးမလဲဆိုတာကို ပြည်သူတွေက အမြဲကြံဆပြီးတော့ ဆက်ပြီးတော့ ရှင်သန်တယ်။ တွန်းလှန်တယ်။ တိုက်ပွဲဝင်နေတာကို တွေ့ရတယ်ဗျာ။ ဒီ ၆ လကတော့ တော်လှန်ရေးရဲ့ အပြင်းထန်ဆုံး ၆ လ ဖြစ်လာနိုင်တယ်။ ဒါကိုလည်းပဲ ပြည်သူ့စည်းလုံးညီညွတ်မှု အားနဲ့ ကျွန်တော်တို့ ကျော်ဖြတ်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်သစ်ကို အရောက်လှမ်း နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဦးဝင်းဆွေက ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းကာလကို နောက်ထပ် ၆ လသက်တမ်းတိုး ရယူကာ ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၅ မြို့နယ် အပါအဝင် စုစုပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ထားသည်။