ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေသ ကာကွယ်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးပြီး ၃ ဦးခန့် ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။
အင်အား ၆၀ ကျော်ပါသော စစ်ကောင်စီတပ်ကို ယနေ့ နေ့လယ် ၁ နှာရီဝန်းကျင်က Well 2 ရေနံမြေအကျော် ဝက်ပုတ် ကျေးရွာ အနီးတွင် တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (မြိုင် – ပကဖ) က ပြောသည်။
“သူတို့က ဖလန်ကိုင်း ရေနံမြေက ထွက်လာတဲ့ ထောက်ပို့ကားက ထွက်လာတုန်းက အယောက် ၁၀၀ ကျော်တယ်။ ပြီးတော့ Well 2 ရေနံမြေမှာ ညအိပ်တာ၂ ရက်ရှိပြီ။ ဒီမနက်မှ ထွက်လာလို့ စောင့်နေပြီး တိုက်ခိုက်တာ”ဟု မြိုင် – ပကဖ အဖွဲ့ ခေါင်းဆောင် ဗိုလ်လက်ယာက (ဗိုလ်လကျ်ာ) ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
ရိုင်ဖယ် နှင့် အရင်ပစ်ခတ်မှုတွင် စစ်ကောင်စီ ဘက်မှ ၁ ဦး သေဆုံးပြီး မိုင်းဆွဲတိုက်ခိုက်မှုတွင် ၅ ဦး သေဆုံးကာ ၃ ဦးခန့် ဒဏ်ရာ ရရှိသွားသည်ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (မြိုင် – ပကဖ) နှင့် ဇာမဏီ ပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။