ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာသည့် အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့က မြို့တော်ဂျာကာတာတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာစေရန် ကြိုးပမ်းသွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံက ပြောဆိုခဲ့သည်။

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန်အတွက် အင်ဒိုနီးရှား ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးကို စေလွှတ်သွားမည်ဟု အာဆီယံနိုငံခြားရေး ဝန်ကြီးများ အစည်းအဝေး မတိုင်မီ ဖေဖော်ဝါရီ ၁ရက် နေ့က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ အောင်မြင်နေသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ရှင်းပြရန် ရည်ရွယ်၍ ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်ဟု သမ္မတ ဂျိုကိုဝီဒိုဒို ပြောကြားခဲ့ပြီး ယင်းကိစ္စအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

“အင်ဒိုနီးရှားက ကြိုးစားကြည့်တဲ့ကိစ္စကို ကျွန်တော်ကတော့ ဘာမှမဝေဖန်ချင်ဘူး။ ဒါပေမယ့် ဒီတွေ့ဆုံမှုကနေပြီးတော့ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အပြောင်းအလဲ၊ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်မယ်လို့တော့ ကျွန်တော်ကတော့ မယူဆပါဘူး” ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းသို့ ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ ယခင်သမ္မတ ဆူဟာတိုလက်ထက်က အင်ဒိုနီးရှား စစ်တပ်သည် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတွင် အဓိကပါဝင်ခဲ့ပြီး ၁၉၉၈ ခုနှစ် လူထုဆန္ဒပြပွဲများကြောင့် ဆူဟာတိုသည် ရာထူးမှ နှုတ်ထွက်ခဲ့ရကာ စစ်တပ်သည်လည်း ဒီမိုကရေစီအသွင် ကူးပြောင်းမှုကို စတင်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် အသွင်ကူးပြောင်းမှု စတင်ပြီးနောက် စစ်တပ်ကို နိုင်ငံရေး၌ ပါဝင်ခွင့်မပြုခဲ့သလို လွှတ်တော်တွင်လည်း အမတ်နေရာများကို စွန့်လွှတ်ခဲ့ရပြီး ရွေးကောက်ပွဲဝင်လိုပါက ရာထူးမှ အရင်နှုတ်ထွက်ရသည်။

“အင်ဒိုနီးရှားနိုင်ငံကတော့ သိတဲ့အတိုင်းပဲ။ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ စစ်ဗိုလ်ချုပ်တွေက တိုင်းပြည်နဲ့ ပြည်သူလူထုကို မျက်နှာမူပြီးတော့ အပြောင်းအလဲတွေဖြစ်အောင် ဦးဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဗိုလ်ချုပ်တွေကတော့ အဲဒီလိုမျိုး မဟုတ်ဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အနေအထားက အင်ဒိုနီးရှား နိုင်ငံမှာရှိတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အနေအထားနဲ့ မတူဘူး။ အထူးသဖြင့်တော့ စိတ်ဓာတ်ပေါ့နော်။ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ခေါင်းဆောင်တွေကတော့ စိတ်ဓာတ်ပိုင်း ရေးရာရော၊ အကျင့်စာရိတ္တပိုင်းရော အကုန်လုံး ပျက်စီးနေတဲ့ အနေအထားမျိုး ဖြစ်နေတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလက ချမှတ်ထားခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်မှတစ်ဆင့် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းမည့် အဖြေတစ်ခုရှာရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ဂျကာတာတွင် ပြုလုပ်သည့် အစည်းအဝေးအတွင်း ဆွေးနွေးသဘောတူခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“အာဆီယံနဲ့ UN ပေါင်းစပ်ပြီးတော့ မြန်မာနိုင်ငံကို အပြောင်းအလဲဖြစ်အောင် ဝိုင်းဝန်းကြိုးစားနေကြည့်တဲ့ အပေါ်မှာလည်း ကျေးဇူးလည်းတင်တယ်။ အသိအမှတ် လည်းပြုတယ်။ ဒါပေမယ့်လည်း စစ်ခေါင်းဆောင်ဘက်က ၊ အကြမ်းဖက် စစ်အုပ်စုဘက်ကတော့ ဒီအပေါ်မှာ ပူးပေါင်းပါဝင်လိမ့်မယ်လို့ ကျွန်တော်တို့ကတော့ မယုံကြည်ဘူး။ အဲ့ဒီအတွက်ကြောင့်မို့လို့ စစ်ခေါင်းဆောင်ဘက်က အကြမ်းဖက် စစ်အုပ်စုဘက်က ပူးပေါင်းပါဝင်မှု မရှိခဲ့ဘူးဆိုရင် ဘာဆက်လုပ်မှာလဲဆိုတဲ့ next plan ကိုတော့ သေချာစဉ်းစား စီမံထားရမယ်လို့ မြင်ပါတယ်ဗျ” ဟု ဦးနေဘုန်းလတ်က ဆက်လက်ပြောသည်။

အင်ဒိုနီးရှား ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးကို စေလွှတ်သွားမည့်အပေါ် တောင်သူလယ် သမားအကျိုးဆောင် ဦးဇော်ရန်းက “သူက(အင်ဒိုစစ်ဗိုလ်ချုပ်) လာပြောပေမယ့် ဒီကကောင်တွေက သူ့စကားကို နားထောင်ချင်မှ နားထောင်မယ်။ ဒါပေမယ့် တစ်ခုရှိတာက နိုင်ငံတကာလည်း ဝိုင်းပါလာပြီ။ ကုလသမဂ္ဂကလည်း လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အခြေခံလာပြီ။ မင်းတို့(စစ်အုပ်စု) မဖြစ်မနေ လုပ်မှရမယ်ဆိုတဲ့ ဖိအားမျိုးကို အဲဒီဗိုလ်ချုပ်က ပေးမလား။ မင်းတို့မလုပ်ရင်တော့ ဒါဖြစ်မယ်၊ ဒါတွေကျိန်းသေဖြစ်မှာနော်လို့ ပြောနိုင်မယ့် နောက်ခံ Background တွေ၊ ပါဝါတွေ သူ့မှာပါသလား။ အဲဒီလိုဆိုရင်တော့ အပြောင်းအလဲအချို့ မျှော်လင့်ကောင်း မျှော်လင့်နိုင်တယ်။ အဲဒီလိုမဟုတ်ဘူး သူငယ်ချင်းရာ လာပြောလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး” ဟု ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယင်းမတိုင်မီ အာဆီယံ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း တို့ မြန်မာ့အရေးနှင့်ပတ်သက်ပြီး နည်းလမ်းအမျိုးမျိုး ကြိုးစားခဲ့ပေမယ့် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပေ။

အင်ဒိုနီးရှား ထိပ်တန်းဗိုလ်ချုပ်ကြီးအနေဖြင့် မြန်မာပြည်သို့ လာရောက်ခဲ့ပါက NUG ၊ NUCC ၊ CRPH ၊ EROs အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် နယ်ပယ်အသီးသီးတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးစေချင်ကြောင်း ဝါရင့်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးက ပြောသည်။

မြန်မာ့အရေးနှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံရန် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံကို နှစ်ရက်တာ လာရောက်ခဲ့သလို အာဆီယံ အလှည့်ကျဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက် ဆော့ခွန်းလည်း နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့သည်။

အဆိုပါ ခရီးစဉ်ကြောင့် ဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာပြည်သူများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပြစ်တင်ရှုတ်ချ ကန့်ကွက်ဝေဖန်ခြင်းများ ခံခဲ့ရပြီး ၎င်းသက်တမ်းအတွင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ တိုက်ရိုက်တောင်းဆိုခဲ့သည့် အချက် ၄ ချက်တို့သည် အရာထင်ခြင်း မရှိခဲ့ပေ။

“မင်းအောင်လှိုင်အနေနဲ့ သူတို့အပြောင်းအလဲတစ်ခု လုပ်မယ်ဆိုတဲ့ဆန္ဒထက် သူသွားချင်တဲ့လမ်းကို ကျန်တဲ့သူတွေက ဖြစ်ပေးရမယ်ဆိုတဲ့ အနေအထား မျိုးမှာရှိတယ်။ သူတို့ဟာ အခုချိန်ထိ ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒမရှိသေးဘူး။ အာဏာသိမ်း ခေါင်းဆောင်အနေနဲ့ သူ့အာဏာကို စွဲစွဲမြဲမြဲစုပ်ကိုင်ထားချင်တဲ့ ဆန္ဒမျိုးပဲရှိတယ်။ ၂ နှစ်ပြည့်ကာလမှာ သူတို့ပြောတာတွေကိုကြည့်ရင် သိတယ်။ အခု ၆ လသက်တမ်း တိုးတယ်ဆိုတာလည်း တကယ်တမ်းကျတော့ သူတို့ရေးဆွဲထားတဲ့ ၂၀၀၈ ခြေ/ဥ ဖွဲ့စည်းပုံနဲ့ မညီဘူး” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခင်လူများ လုပ်ဆောင်၍ အရာမထင်ခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဌသစ် အင်ဒိုနီးရှားနိုင်ငံက သူ့ရဲ့ တစ်နှစ်တာ သက်တမ်းအတွင်းမှာ ထူးခြားပြောင်းလဲအောင် စွမ်းဆောင်နိုင်မည်လားဟု နိုင်ငံရေး လေ့လာသူများထုတ်ထားသည့် မေးခွန်း၏ အဖြေက ယခုအချိန်အထိ ရေရေရာရာ တိတိပပ မရှိသေးပေ။